By Ra Hu/ MPA
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ်က လေကြောင်းဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်တပ် ထောက်ခံသူများသည် PDF စခန်းပေါ် ကြဲချခြင်းဟု သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
စစ်တပ်ထောက်ခံသည့် “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၆ မွန်းလွဲပိုင်းတွင် တန့်ဆည်နယ် ကံထူးမရွာ PDFအဖွဲ့စုံရာ နေရာသို့ ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံး ၃၀နီးပါး သေဆုံး”ဟု အဆောက်အဦးအချို့ မီးလောင်ပျက်စီးနေသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို သတင်းမီဒီယာအယောင်ဆောင်ထားသော “Truth Media” တယ်လီဂရမ်ချန်နယ်က ကူးယူဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ်
နေပြည်တော် – https://archive.ph/PAOi1
Truth Media – https://archive.ph/OfqdY
စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က သတင်းအချက်အလက်စစ်ဆေးရာ သတင်း အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သတင်းစိစစ်ချက်
စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသည့် အဆောက်အဦး မီးလောင်ပျက်စီးနေသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေရာ ဓာတ်ပုံအဟောင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
၂၀၂၄ မတ် ၄ရက်တွင် Tachileik News Agency သတင်းဌာနက ဖော်ပြထားသော သတင်းဓာတ်ပုံများနှင့် ထပ်တူညီ နေသည်။
Tachileik News Agency တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ ရဲစခန်းကို ၂၀၂၄ မတ် ၄ရက်၌ သိမ်းပိုက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/1PUZ
ဆက်လက်အတည်ပြုနိုင်ရန် Google တွင် “တန့်ဆည် ကံထူးမရွာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ Mandalay Free Press-MFP နှင့် DVB သတင်းဌာနက သတင်းရေးထားသည်။
MFP သတင်းတွင် စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုက စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၁၂ ကျော်၌ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ အနည်းဆုံးငါးဦး၏ ရုပ်အလောင်းများကို ကောက်ယူရရှိထား ကြောင်း သတင်းဖော်ပြထားသည်။ သေဆုံးသူများသည် ပန်းရံလုပ်ကိုင်နေသူ အလုပ်သမားနှစ်ဦး၊ ဈေးသည် တစ်ဦး နှင့် လမ်းသွားလမ်းလာနှစ်ဦးပါဝင်ကြောင်း ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/3yDNW
DVB သတင်းတွင် ကံထူးမရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မေးမြန်း၍ သတင်းရေးထားသည်။
စစ်တပ်က Yak-130 ဂျက်တိုက်ခိုက်ရေးလေယာဉ် တစီးဖြင့် ရွာထဲရှိ နိုဘယ်ဝမ်း ဓာတ်ဆီဆိုင်နားတဝိုက်သို့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာကြောင့် ၈ ယောက်ခန့် နေရာမှာတင် သေဆုံးပြီး ၁၂ဦးခန့် ထိခိုက်ခဲ့ကြောင်း သတင်းရေးထား သည်။
သတင်းလင့်ခ် – https://bitly.cx/S0ip
သုံးသပ်ချက်
MFP နှင့် DVB သတင်းဌာနတို့ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများသည် ဒေသခံပြည်သူများ ဖြစ်ကြောင်း ရေးသားထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များဟု ရေးသားထားခြင်းမရှိပေ။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက “ တန့်ဆည်တွင် PDFအဖွဲ့စုံရာ နေရာသို့ ဗုံးကြဲတိုက်ခိုက်ရာ ၃၀နီးပါးသေဆုံး” ဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
စာတည်း – Wazza
