By Nway / MPA
စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၀ဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( စက်တင်ဘာ ၂၆ရက် ) နံနက် ၁၁နာရီခွဲခန့်တွင် ကံထူးမရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရွာအတွင်းရှိ နိုဘယ်ဝမ်းဓာတ်ဆီဆိုင်နား ကျရောက်ခဲ့ကြောင်း သိရသည်။
” သေဆုံးပြည်သူက လောလောဆယ် ၁၀ဦးထိ ရှိသွားပြီ။ ကျား မ ခွဲခြားလို့မရဘူး။ အားလုံးကို သင်္ဂြိုဟ်ပေးလိုက်ပါပြီ။ ဒဏ်ရာရရှိသူက ၁၂ဦးထိရှိပါတယ်။ ဆေးဝါးကုသမှုတော့ ချက်ချင်းလုပ်ပေးထားပါတယ် ” တန့်ဆည်မြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ယနေ့ည ၇နာရီတွင် MPA ကို ပြောသည်။
ဗုံးကျရောက်ပေါက်ကွဲခဲ့သည့် နိုဘယ်ဝမ်းဓာတ်ဆီဆိုင်၏အရှေ့ဘက်တွင် ဆောက်လက်စ တိုက်တစ်လုံးတည်ရှိပြီး ယင်းတိုက်ကိုဆောက်လုပ်နေကြသည့် ပန်းရန်၊လက်သမားနှင့် လမ်းသွားလမ်းလာ အရပ်သားပြည်သူများထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်အခြေစိုက် PDF ရဲဘော်တစ်ဦးကပြောသည်။
” ဆောက်လက်စတိုက်မှာက ပန်းရန်သမား၊ လက်သမားတွေ လက်လုပ်လက်စားတွေ ရှိတာပေါ့။ သူတို့ထိတာ များတယ် ။တိုက်ပွဲဖြစ်တာမျိုးလည်း မရှိပါဘူး။ အကြောင်းမဲ့လာပစ်တာပါ။ ဒီအတိုင်း ပြည်သူတွေဈေးဝယ်သွားလာလှုပ်ရှားနေတဲ့နေရာပါ ” ဟု ၎င်းက ပြောသည်။
ယင်းဗုံးကြဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ၏ အချက်အလက်ကို အသေးစိတ်သိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တန့်ဆည်မြို့နယ်၊ ကံထူမကျေးရွာတွင် ယခင်က စစ်ကော်မရှင်ရဲစခန်းတည်ရှိပြီး ယင်းရဲစခန်းကို ၂၀၂၅ခုနှစ် မတ်လ ၄ရက်တွင် NUG – MOD အောက်ရှိ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေး အစီအစဥ်ဖြင့် PDF တပ်ရင်း၊တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
စာတည်း-ML
