စစ်ကော်မရှင် ရွေးကောက်ပွဲ ဝါဒဖြန့်ရန် မီဒီယာသမားများကို အပြိုင်အဆိုင်ဝယ်ယူနေပြီး သိန်းရာချီ ပေါက်စျေးဖြစ်နေ

By Naing Yarzar Min / MPA

စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရန် နိုင်ငံရေး ပါတီများက မီဒီယာသမားများကို အပြိုင်အဆိုင် ဝယ်ယူလျက် ရှိနေပြီး ပေါက်စျေးအနေဖြင့် သိန်းရာချီ ပေးနေရကြောင်း MPA က စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် လူထုအား ဆွဲဆောင်နိုင်ရန်အတွက် ပြည်တွင်းရှိ မီဒီယာသမားများကို အသုံးချရန် ကြိုးစားလျက် ရှိနေခြင်း ဖြစ်သည်။

ထိုသို့ အသုံးချရန်အတွက် ငွေကြေးများ ပုံပေးကာ ဝါဒဖြန့်ပေးရန်အတွက် မီဒီယာသမားကို ဝယ်ယူလျက် ရှိနေကြောင်း ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောသည်။

” ဘယ်ပါတီလည်းတော့ ကျတော် မပြောချင်ဘူး။ ဒါပေမဲ့ ပါတီကြီးတစ်ခုပဲ သိန်းကို ရာနဲ့ချီပေးပြီး ကမ်းလှမ်းတာ။ လုပ်ပေးရမှာက သူတို့ပါတီနဲ့ ဒီ စစ်တပ်ရွေးကောက်ပွဲကို ဝါဒဖြန့်ပေးဖို့ကို လုပ်ပေးရမှာ” ဟု ၄င်းက ဆိုသည်။

အထူးသဖြင့် စစ်တပ် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီသည် ငွေကြေးအင်အားတောင့်တင်းသည့် အတွက် ၄င်းတို့ စိတ်ကြိုက် မီဒီယာသမားများကို စိတ်ကြိုက် ငွေကြေးများပေးကာ ကမ်းလှမ်းမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

အဆိုပါ ပါတီသည် ၄င်းတို့ အတွက် ဝါဒဖြန့်ပေးရန် လက်ခံသည့် မီဒီယာသမားများအား သိန်းတစ်ထောင်ဝန်းကျင်ထိပင် ကမ်းလှမ်းမှုများ ရှိနေသည်ဟု သိရသည်။

” USDP က ဓနအင်အားတောင့်တယ်လေ။ သူတို့က သူတို့ လိုသလို ပုံသွင်းလို့ ရမ‌ြ့ သတင်းထောက်မျိုး၊ တော်လည်းတော်မယ်ဆိုရင် ငါးရာတစ်ထောင်လောက်ကို ပုံပေးပြီး ဝယ်လိုက်တာ” ဟု အမည်မဖော်လိုသည့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက ပြောသည်။

USDP အပြင် အခြားသော ပါတီအချို့ကလည်း မီဒီယာသမားများကို အသုံးချ ဝါဒဖြန့်ရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း ငွေကြေးပုံပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

” ကျတော် ပြောပြမယ်။ နံမည်ကြီး နိုင်ငံရေး သမားဦးဆောင်တဲ့ ပါတီပေါ့ဗျာ၊၊ သူတို့ကတော့ ဒီရွေးကောက်ပွဲဟာ အရွေ့တစ်ခု ဖြစ်တယ် ဒါကို ပူးပေါင်းသင့်တယ် ဆိုတဲ့ နိုင်ငံရေး လှည့်ကွက်တွေနဲ့ အယုံသွင်းပြီး ဆွဲဆောင်တယ်။ ဒါမျိုးတော့ ရှိတယ်” ဟု စစ်တပ်ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်နေသည့် ပြည်တွင်းမှ အသက် ၄၀ အရွယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ထိုသို့ နိုင်ငံရေးပါတီများ၏ အသုံးချခံ အဖြစ် ငွေကြေးဖြင့် ဝယ်ယူခြင်းကို လက်ခံသော မီဒီယာသမားများကို ကျင့်ဝတ်စောင့်ထိန်းသော သတင်းသမားများက ပြစ်တင် ဝေဖန်ခြင်းများလည်း ရှိနေသည်။

” သတင်းသမားဆိုတာ သတင်းပေး မလုပ်ရဘူး။ သတင်းသမားဟာ ကျင့်ဝတ်တွေ ရှိတယ်။ ဘက်မလိုက်ရဘူး။ ဆယ်လီမီဒီယာသမားတွေတောင် သူတို့ထက် ပိုပြီး အကျင့်ကောင်းသေးတယ် ပြောလို့ရသေး၊ စက်ဆုပ်ဖွယ်ရာပါပဲ” ဟု လုပ်သက် ဆယ်နှစ်ကျော်ရှိ ပြည်တွင်း သတင်းထောက်တစ်ဦးက ဝေဖန်သည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာ ၂၈ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားရာ အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် ပါတီများသည် ဝါဒဖြန့်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကြံ့ခိုင်ရေးပါတီ၏ ဝါဒဖြန့်မီဒီယာဖြစ်သော People Media က သတင်းထောက်များကို တိုက်ခန်းပေးမည်ဟု ​ဆိုထားသည့် အလုပ်ခေါ်စာတစ်ခု ထွက်ပေါ်လာခဲ့သေးသည်။

စာတည်း-ကိုဆန်း