တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် နှစ်မိုင်အကွာ၊ ပြည်ထောင်စုလမ်းမကြီးရှိ ခိုမုန်းကျေးရွာထိ စစ်ကော်မရှင်တပ် ရောက်ရှိလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(စက်တင်ဘာ ၂၈ရက်)က စစ်ကော်မရှင်တပ်သည် လုံဝယ်ရွာကိုသာ ရောက်ရှိနိုင်ခဲ့သော်လည်း ယနေ့ နံနက်အစောပိုင်းတွင် မြို့နှင့် အနီးဆုံးရှိသည့် ခိုမုန်းရွာအထိ ရောက်ရှိလာခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်က မြို့နှင့် အနီးဆုံးထိ ရောက်ရှိလာခြင်းကြောင့် ကျောက်မဲမြို့ လက်မလွှတ်ရရေးအတွက် TNLA ဘက်က အပြင်းအထန် ခုခံနေပြီး နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုများပြားနေကြောင်း သိရသည်။
“ဒီမနက်အစောပိုင်းမှာ စစ်တပ်က မြို့နဲ့ ပိုနီးလာပြီ၊ ခိုမုန်းရွာရောက်ပြီး မြို့နဲ့အတော်လေးနီးတယ်။ အခြေအနေတော့ မကောင်းဘူး။ စစ်တပ်ဘက်က လေယာဉ်နဲ့ကော၊ ဒရုန်းနဲ့ကော ဗုံးကြဲနေတယ်။ ခိုမုန်းက မြို့နဲ့ နှစ်မိုင်လောက်ပဲဝေးတာ။ တအာင်းဘက်က မခုခံနိုင်ဘူးဆိုရင် အချိန်အတိုအတွင်းနဲ့ စစ်တပ်က မြို့ထဲထိရောက်နိုင်တယ်လို့ မြင်တယ်” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦက ပြောသည်။
ဩဂုတ် တတိယပတ်မှ စတင်ကာ စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး နောင်ချို-ကျောက်မဲလမ်းတစ်လျှောက် ကျေးရွာများကို သိမ်းပိုက်လာပြီးနောက် ယနေ့တွင် မြို့အဝင်အနီးထိ ရောက်ရှိလာခြင်းဖြစ်သည်။
လက်ရှိ စစ်ကော်မရှင်တပ်သည် နောင်ချို-ကျောက်မဲလမ်းနှင့် ကျောက်မဲ-မိုးကုတ် လမ်းပိုင်းတို့မှ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်မည့် ရာခိုင်နှုန်းများနေသည်ဟု ဒေသခံများကပြောသည်။
“စစ်တပ်က အဘက်ဘက်ကနေ ထိုးစစ်ဆင်နေတာကို မြင်တွေ့နေရတယ်။ တအာင်းတပ် မခုခံနိုင်ရင်တော့ ကျောက်မဲက စစ်တပ်လက်ထဲ ပြန်ရောက်နိုင်ချေရှိနေတယ်လို့ မြင်မိတယ်” ဟု အခြားကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
စစ်ကော်မရှင်တပ်၏ စစ်ကြောင်းသည် မြို့နှင့် နီးလာချိန် ကျောက်မဲမြို့ အနောက်ဘက် မိုးကုတ်- ကျောက်မဲ လမ်းပေါ်ရှိ မိုင်းတင်းကျေးရွာ၌ စက်တင်ဘာ ၂၇ရက်၊ နေ့လယ်ပိုင်းက ရွာခံများသည် TNLA တပ်ဖွဲ့များကို ကျေးရွာမှ ထွက်ခွာပေးရန် တောင်းဆိုခဲ့သောကြောင့် တပ်များ ဆုတ်ခွာခဲ့သည်။
“ကျောက်မဲမြို့က ကျတော်တို့ သွေးနဲ့ချွေးနဲ့ ကြိုးစားအားထုတ်ပြီး ရလာတဲ့မြို့ဖြစ်တဲ့အတွက် အဆုံးထိ ခုခံကာကွယ်သွားမယ်” ဟု TNLA နှင့်ပူးပေါင်းတိုက်ခိုက်နေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကျောက်မဲမြို့ကိုသာ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်နိုင်ပါက သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့နှင့် အခြားမြို့များကို စစ်တပ်က ဆက်လက်ထိုးစစ်ဆင်ရန် လွယ်ကူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်သည် ကျောက်မဲမြို့ကို မြေပြင်ထိုးစစ်အပြင် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အလွန်အကျွံအသုံးပြုလျက်ရှိပြီး ယမန်နေ့က လုံဝယ်ကျေးရွာတိုက်ပွဲအတွင်း စစ်တပ်က အဆိပ်ငွေ့ ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် TNLA တပ်ဖွဲ့ဝင်များ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်းစသည်တို့ ဖြစ်ပွားခဲ့သေးသည်။
ကျောက်မဲမြို့ပြန်လည်ရရှိရန်အတွက် စစ်ကော်မရှင်သည် တပ်မ ၁၁၊ တပ်မ ၅၅ နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) လက်အောက်ခံတပ်ရင်းတို့ဖြင့် ဩဂုတ် တတိယပတ်မှ စတင်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ၊ ဇူလိုင်လဆန်းပိုင်းက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် TNLA ပူးပေါင်းတပ်များက ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
စစ်ကော်မရှင်က ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲမြို့နှင့် သီပေါမြို့ကို ရွေးကောက်ပွဲကျင်းပမည့် မြို့စာရင်းတွင် ထည့်သွင်းထားခြင်းကြောင့် ကျောက်မဲမြို့ ပြန်ရရန် အပြင်းအထန်ကြိုးစားနေခြင်းဖြစ်ပြီး ကျောက်မဲမြို့ကို သိမ်းပိုက်ပြီးပါက သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်နိုင်သည့် အခြေအနေများရှိနေသည်။
