ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဒေသခံများ မဲမထည့်မနေရဟု စစ်တပ်က တစ်အိမ်တက်တစ်အိမ်ဆင်း မဲပေးရန် စည်းရုံးနေပြီး မဲမပေးသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်က ယနေ့မှစတင်ပြီး လားရှိုးမြို့ရှိ ရပ်ကွက်ရုံးများ၌ ဆန္ဒမဲပေးရမည့် ပြည်သူများ၏ စာရင်းကို ကပ်ထားပြီး မပျက်မကွက်လာရောက်ကြည့်ရှု့ရန်နှင့် စာရင်းမပါသေးသည့် မဲဆန္ဒရှင်များ ပြန်လည်လျှောက်ထားရန် သတိပေးမှုများလည်း ပြုလုပ်လျက်ရှိသည်။
“အိမ်ရှေ့ထိကို ရောက်လာတယ်။ သူတို့(စစ်တပ်)က မဲစာရင်းကြည့်ခိုင်းတယ်။ ကိုယ့်စာရင်းမပါရင် လျှောက်ခိုင်းတယ်။ ဘာလုပ်ပေးမယ်။ ညာလုပ်ပေးမယ်ဆိုပြီးပြောတယ်။ ဟိုဟာ ဒီဟာလုပ်ပေးမယ်မပြောနဲ့အုန်း လားရှိုးမှာ အပေါဆုံး သူခိုး၊ ဓားပြတွေကို အရင်ဆုံးရအောင်ဖမ်းပေးပါလို့” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကော်မရှင်တပ်က တစ်မြို့လုံးကို ကားဖြင့် ပတ်ပြီး အသံချဲ့စက်ဖြင့် မဲပေးရန် ဆော်ဩမှုများ ပြုလုပ်နေကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ကျင်းပမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ သည် မြို့ပေါင်း ၁၀၀ကျော်၌ ပထမအသုတ်စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နောင်ချိုနှင့် လားရှိုးမြို့များသည် ပထမသုတ်၌ ပါဝင်လျက်ရှိသည်။
“ဟုတ်တယ်။ အိမ်အထိ မဲစာရင်းလာပြတယ်။ မဲစာရင်းမပါသေးရင် ပြန်လျှောက်ခိုင်းတယ်။ မဲပေးမှာလားမပေးဘူးလားဆိုတာက ကျမသေသေချာချာပြောလို့ မရဘူး။ ဘာလို့လဲဆိုတော့ လားရှိုးမြို့က သူတို့ထိန်းချုပ်တဲ့မြို့ဖြစ်သွားပြီလေ။ ပြီတော့ ကျမတို့ စိတ်တိုင်းကျဖြစ်ချင်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ အရင်ကလိုမဟုတ်ဘူးလေ။ ပါတီစုံမပါဘူး။ ကိုယ်မဲပေးချင်တဲ့ ပါတီလည်းပါချင်မှပါမယ်။ မဲမပေးရင်လည်း ဖမ်းမယ်ဆိုတဲ့ ပုံစံကို စသလို နောက်သလိုပြောသွားသေးတယ်လေ” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လားရှိုးမြို့၌ ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် အခြားပါတီအချို့ ယှဉ်ပြိုင်ကျမည်ဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲက ဒီမိုကရေစီ နည်းလမ်းကျဖြစ်လာမှာမဟုတ်ဘူး။ ဒေသခံတွေကို ဖိအားပေးပြီး မဲအတင်းပေးခိုင်းတာတွေဖြစ်လာမယ်။ ဒေသခံတိုင်းက မဲပေးချင်တာမဟုတ်ဘူး။ ကိုယ် နှစ်သက်တဲ့ ပါတီမှ မပါတာ၊ မဲပေးခဲ့ရမယ်ဆိုရင်လည်း လုံခြုံရေးအရ မသက်သာလို့သာပေးရမှာ၊ လူတိုင်းက မိသားစုနဲ့ ဝမ်းရေးအတွက်ပါစဉ်းစားနေရတယ်။ ဒီနေ့မြို့ပတ်ကြည့်တော့ ကြံ့ခိုင်ရေးပါတီမှာ လူစုတာတွေ့တယ်။ ဘာလုပ်နေလဲတော့မသိဘူး “လားရှိုးမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကော်မရှင်က နောင်ချို၊ မူဆယ်နှင့် လားရှိုးမြို့တို့တွင် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်သလို ဒုတိယအသုတ်ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ကျောက်မဲမြို့ကိုပါထည့်သွင်းထားသောကြောင့် မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးအသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။
