မွန်မှာ တစ်ပတ်အတွင်း ကလေးအပါအဝင် အရပ်သား ၇၀ကျော်ကို စစ်တပ်ဖမ်းဆီး

စစ်ကော်မရှင်က မွန်ပြည်တွင် အကြောင်းအမျိုးမျိုးပြပြီး ဒေသခံများကို ဖမ်းဆီးမှုများပြုလုပ်နေရာ တစ်ပတ်အတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၇၀ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစုကို ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အတွင်း အရပ်သားများ ဖမ်းဆီးခံရခြင်းဖြစ်ပြီး မော်လမြိုင်မြို့၊ သထုံမြို့နယ်၊ ရေးမြို့နယ်နှင့် လမိုင်းမြို့တို့က ဖြစ်သည်။

ဖမ်းဆီးခံရသူများသည် တော်လှန်ရေးအစုအဖွဲ့များနှင့် ပတ်သက်ခြင်း၊ ရထားလမ်းပိုင်းဖောက်ခွဲခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ပစ်သတ်ခံရခြင်းများတွင် ပါဝင်ပတ်သက်မှု ရှိသည့်စွပ်စွဲချက်များနှင့် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက် ချိန်များတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“သူတို့က ဖမ်းချင်သလို ဖမ်းနေကြတာ၊ ဘယ်သူဘာဖြစ်လဲ၊ သူတို့ အုပ်ချုပ်ရေးအဖွဲ့က တစ်ခုခုဖြစ်သွားရင်လည်း ဒီမှာရှိတဲ့ ရွာသားတွေကိုပဲ ပစ်မှတ်ထားဖမ်းနေတာ၊ ရွာဘက်မှာဆိုလည်း သူတို့စစ်ကြောင်းဝင်ရင် ဖမ်းသွားတာပဲ၊ သူတို့ဟာ သူတို့ စစ်ကြောင်းမထိုးရဲဘူး။ ရွာသားတွေကို ဓါးစားခံလုပ်သွားတာ” ဟု ရေးမြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

ဖမ်းဆီးခံရသည့်သူများထဲတွင် ဆယ်ကျော်သက်အရွယ် ကလေးငယ် အနည်းဆုံး ၅ ဦးပါဝင်ကာ အမျိုးသမီးများ၊ သက်ကြီးပိုင်းများပါပြီး အများစုမှာ လူငယ်ပိုင်းအမျိုးသားများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်က လမိုင်းမြို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံပြီးနောက် အရပ်သား လူငယ် ၁၀ ဦးကို စစ်တပ်ကဖမ်းဆီးခဲ့သည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်ကလည်း ရေးမြို့နယ် အဒိန်း၊ ဝယ်ဟိုင်းရွာအနီးပတ်ဝန်းကျင်ကို စစ်ကြောင်း ထိုးလာသည့် စစ်အုပ်စုသည် ခြံလုပ်သားများအပါအဝင် အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခဲ့သေးသည်။

ထို့အပြင် စက်တင်ဘာလ ၂၈ ရက်ကလည်း သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာတွင် ကလေးအပါအဝင် အရပ်သား ၃၀ ကျော်ကို ရထားလမ်းဖောက်ခွဲခဲ့သည့်စွပ်စွဲချက်ဖြင့် စစ်အုပ်စုက ဖမ်းဆီးခဲ့သလို ယခုရက်ပိုင်း အတွင်း မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦးကို တော်လှန်ရေးအင်အားစုများအား ကူညီထောက်ပံ့သည့် စွပ်စွဲချက် များဖြင့် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများထဲက အများစုသည် ပြန်လည်လွတ်မြောက်လာရေးအတွက် စစ်အုပ်စုထံ ငွေကျပ် ၂ သိန်းမှ သိန်းဆယ်ချီ ပေးဆောင်ခဲ့ရသည်ဟု ဖမ်းဆီးခံရသည့်သူများနှင့် နီးစပ်သူများက ပြောသည်။

“ပိုက်ဆံ ၂ သိန်းတောင်းတယ်၊ စစ်ကြောင်းနဲ့ ပါသွားတယ်တဲ့၊ ပြန်လွတ်ချင်ရင် ပိုက်ဆံလွဲဖို့ အကောင့်ပို့ပေးမယ်၊ အဲဒီထဲပို့ပေးတဲ့ ၊ အချို့ကျတော့ ၄ သိန်း ၅ သိန်းပေးရတယ်” ဟု ရေးမြို့နယ်တွင် ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသူများအနက် သက်ကြီးပိုင်း၊ အမျိုးသမီး၊ ကလေးအရွယ်အများစု ပြန်လည်လွတ်မြောက်လာပြီး လူငယ်အချို့ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ပြန်လည်လွတ်မြောက်သူများသည် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းခံထားရသည့်ဒဏ်ရာ ဒဏ်ချက် များ ရရှိထားသည်ဟု ဆိုသည်။

ယင်းအပြင် ဖမ်းဆီးချိန်တွင် သိမ်းဆည်းထားသည့် ဆိုင်ကယ်များ ပြန်လည်ရွေးထုတ်နိုင်ရေး ငွေကျပ်သိန်းဆယ်ချီ ပေးဆောင်ရကြောင်း သိရသည်။

“လူထုကို မကြောက်ကြောက်အောင် ကြောက်စိတ်ဝင်ဖို့ပေါ့၊ ရွေးကောက်ပွဲကလည်း စတော့မှာဆိုတော့ တချို့နေရာတွေ သူတို့ စိုးမိုးနိုင်တာ ပြချင်တာပေါ့၊ သူတို့က ပိုက်ဆံလည်းရမယ်၊ စိတ်ကြိုက်တောင်းလို့ရတာလေ၊ သူတို့ရဲ့ ရည်မှန်းချက်လည်း ပြည့်မှာဆိုတော့ ကြားထဲက ပြည်သူတွေပဲ ခံနေရတာ” ဟု မွန်နိုင်ငံရေး လေ့လာနေသူတစ်ဦးက ပြောသည်။

လာမည့် ဒီဇင်ဘာလကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် နယ်မြေလုံခြုံရေးနှင့် အနှောင့်အယှက်မရှိ ကျင်းပနိုင်ရေး စစ်အုပ်စုသည် အင်အားထောင်ချီအသုံးပြုပြီး တော်လှန်ရေးစိုးမိုးနယ်မြေများကို စစ်ကြောင်းထိုး နေသလို မြို့ပေါ်နေရာများကိုလည်း လုံခြုံရေးတင်းကျပ်ထားသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် စစ်အုပ်သည် ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာပြီး မွန်ဒေသအတွင်း ဖမ်းဆီးခံရမှုသည် တစ်လထက်တစ်လပိုမိုများပြားလာကြောင်း ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

စာတည်း-ကိုဆန်း