သာယာဝတီထောင်မှ လွတ်ရက်စေ့ နိုင်ကျဉ်း ၅ဦး အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဗူးဝတွင် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားငါးဦးကို အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဗူးဝတွင် စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၁ရက်)က သာယာဝတီ ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် ၃၀ဦး လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားခြောက်ဦးကို ‌‌‌‌‌‌‌‌ထောင်ဗူးဝ၌ ရဲကားဖြင့် ဖမ်းဆီးခဲ့ကြောင်း သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူများထံမှသိရသည်။

” ပြန်ဖမ်းတာတော့ ချက်ချင်းပြန်ဖမ်းခံရတယ်။ နိုင်ကျဥ်းခြောက်ဦးကို ရဲကားနဲ့ခေါ်သွားတယ်။ ငါးဦးကိုတော့ဖမ်းဆီးပြီး တစ်ဦးကတော့ပြန်လွတ်တယ်။ လက်ရှိတော့ သာယာဝတီထောင်ထဲမှာ ပြန်ဖမ်းထားတယ် ” ဟု သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၆ဦး၊ အခြားအကျဉ်းသား ၁၄ဦး၊ စုစုပေါင်း ၃၀ဦးလွတ်မြောက်ခဲ့ပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသားခြောက်ဦးကို ဖမ်းဆီးသွားခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကာ ငါးဦးဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ကိုစိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး(ခ)နတ်ဆိုး၊ မမေမြတ်သူနှင့် အမည်စုံစမ်းဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးအကျဉ်းသားများသည် သာယာဝတီအကျဉ်းထောင်အတွင်း၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) စသည့်ပုဒ်မများဖြင့် ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့ပြီဖြစ်သော်လည်း လက်ရှိတွင် အကြမ်းဖက်ပုဒ်မ ၅၂(က)ဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

” သူတို့(စစ်ကောင်စီတပ်)ကိုယ်တိုင် လွတ်ငြိမ်း ပေးတယ်ဆိုပြီး ထောင်ဗူးဝမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့ သူတွေက အရင်ကတည်းက ရှိခဲ့တယ်၊ ဒီတစ်ခေါက်မှာက လွတ်ငြိမ်းပေးတာမဟုတ်ဘူး၊ သူ့လွတ်ရက်နဲ့သူလွတ်တယ်။ လွတ်ပြီးတော့မှ ပြန်ဖမ်းတယ်ဆိုတာက သဘာဝမကျဘူး။ နောက်အမှုကပ်တဲ့အကြောင်းကို အရင်ကတည်းက စာထုတ်ပြီး တော့ ဖြစ်ဖြစ် ၊ လက် မှတ်ထိုးပြီးတော့ဖြစ်ဖြစ် အသိပေးထားသင့်တယ် “ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။

” စစ်တပ်က နိုင်ကျဉ်းတွေကို ပြန်လည်ဖမ်းဆီးတာဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင်ကို ချိုးဖောက် နေတာပါ၊ ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ အခြေအနေမှာလည်း ရုပ်ပိုင်းရော ၊ စိတ်ပိုင်းရော ဖိနှိပ်ခံရတယ်။ လွတ်လာတဲ့ နိုင်ကျဉ်းတွေကို ပြန်ဖမ်းတာက တရားဥ‌‌ပဒက သူတို့(စစ်ကောင်စီတပ်)ပါးစပ်မှာဘဲ ရှိတယ်ဆိုတာ ပြတာပါပဲ ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတစ်ရက်က သရက်အကျဉ်း ထောင်မှ လွတ်‌‌ရက်စေ့ နိုင်ငံရေးအကျဉ်းသား လေးဦးအနက် နှစ်ဦးသည် ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း PPNM၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်‌အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၆၅) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၄၇၅) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။

စာတည်း-ကိုဆန်း