အဓမ္မစစ်သားစုဆောင်းမှုအရ တိုက်ခိုက်ရေးတပ်မများ၏ အင်အား ၂ဆ နီးပါး ကြီးမားလာဟုဆို

ဓာတ်ပုံ-RSN
ပုံစာ-အဓမ္မစစ်သားစုဆောင်းခံရသောလူငယ်များ စစ်သင်တန်းကျောင်းသို့ ရောက်ရှိလာစဉ်။

စစ်ကော်မရှင် တိုက်ခိုက်ရေးတပ်မများ၏ အင်အားသည် အာဏာမသိမ်းခင်ကထက် ၂ဆ နီးပါး ကြီးမားလာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ဆိုသည်။

၂၀၂၄ခုနှစ်တွင် အသက်သွင်းခဲ့သည့် အဓမ္မစစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းတပ်သားသစ်များ စုဆောင်းရရှိခဲ့ခြင်းကြောင့် အင်အားပြန်လည်ဖြည့်တင်းလာနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တိုက်ခိုက် ရေးတပ်မများ၏ အင်အားသည် ၃၀၀၀ ဝန်ကျင်အထိ ရှိလာကြောင်း MDSI က ယနေ့(အောက်တို ဘာ၄ရက်)သတင်းထုတ်ပြန်သည်။

“ဒီဘက်ခေတ်စစ်တပ်သမိုင်းတစ်လျှောက်မှာ စစ်သားအင်အားအများဆုံး စုဆောင်းနိုင်တာလို့ ပြောရပါမယ်။စစ်မှုထမ်းအပတ်စဉ်တစ်ခုကို အဓမ္မစုဆောင်းတာ လူငယ် ၅၀၀၀၊ အခု အပတ်စဉ် ၁၇ တောင်ဖွင့်နေပြီဆိုတော့ သင်တန်းဆင်းထားတာ မရှိဘူးဆို ၇သောင်းကျော်လောက်ရှိနေပြီ။စစ်မှု ထမ်းတပ်သားတွေ စစ်မြေပြင်မှာ အသေအပျောက်များတယ်ဆိုပေမဲ့ ကိန်းဂဏန်းအတိအကျ မသိရဘူး။အလင်းဝင်တဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေရှိနေပေမဲ့ သိပ်တော့မများသေးဘူးဆိုတော့ အဓမ္မစုဆောင်းခံရတယ်ဆိုပေမဲ့ စစ်တပ်ထဲ စစ်သားအင်အား တော်တော်များလာတာ အမှန်ပဲ။ပြီးတော့ နောက်ထပ်လည်း
အဓမ္မစုဆောင်းတာတွေ ဆက်လုပ်ဖို့ လူငယ်အရင်းအမြစ်တွေ ဆက်ရှိနေဦးမယ်ထင်တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အာဏာမသိမ်းခင်ကာလက ခြေမြန်တပ်မများ၏ စစ်ထွက်အင်အားသည် ပျမ်းမျှ ၁၃၀၀ မှ၁၅၀၀ ဝန်းကျင် သာရှိပြီး ၂၀၂၂နှင့်၂၀၂၃ ဝန်းကျင်တွင် အင်အား ၇၀၀-၈၀၀ ခန့်အထိ လျော့ကျသွားခဲ့ကြောင်းထို့ကြောင့် စစ်ဆင်ရေးလိုအပ်ချက်များအရ တိုင်းအရန်တပ်များမှ အင်အားထုတ်နှုတ် ဖြည့်တင်းပေးသော်လည်း ထိခိုက်သေဆုံး များပြားသောကြောင့် စစ်ထွက်အင်အား ၁၀၀၀ ဝန်းကျင်အောက်သာ ရှိခဲ့ကြောင်း MDSI က ထုတ်ပြန်သည်။

၂၀၂၂ခုနှစ်ဝန်းကျင်မှစတင်ကာ ခြေမြန်တပ်မအချို့ကို ခြေလျင်တပ်မအဖြစ် ပြောင်းလဲဖွဲ့စည်းမှု များ ရှိသော်လည်း စစ်ဆင်ရေးတာဝန် နှင့် နည်းဗျူဟာစုဖွဲ့မှု ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးကြောင်း MDSI က ဆိုသည်။

၂၀၁၅-၂၀၂၀ ကာလများတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)များမှ စကခ ၃၊ ၄ နှင့် ၁၆ တို့ကို ခြေလျင်တပ်မဟာအဖြစ် အမည်ပြောင်းလဲ၍ လေကြောင်းချီတိုက်ခိုက်ရေးတပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းလည်း ဆိုသည်။

စာတည်း-ML