စစ်ကော်မရှင်က ရက် ၁၀၀ စီမံချက်ဟုဆိုကာ အစစ်အဆေး တင်းကျပ်ထားသဖြင့် ပြည်ပသွင်းကုန်များ သောင်တင်ကြန့်ကြာနေ

စစ်ကော်မရှင်သည် ရက် ၁၀၀ စီမံချက်ဟု ဆိုကာ အစစ်အဆေးများ တင်းကြပ်ထားသဖြင့် တစ်နိုင်တစ်ပိုင်တင်သွင်းကြသည့် ပြည်ပသွင်းကုန်များ သောင်တင်ကြန့်ကြာမှုများ ဖြစ်ပေါ်လျှက် ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

အဆိုပါ ရက် ၁၀၀ စီမံချက် ကာလသည် ဇူလိုင်လမှ စတင်သည်ဟု သိရပြီး အောက်တိုဘာ ဒုတိယပတ်ထိ ကြာမြင့်မည်ဟု လတ်တလော ရရှိထားသည့် သတင်းအချက်အလက်များ အရ သိရသည်။

” ရက်တစ်ရာ စီမံချက် ရှိလို့ အစစ်အဆေးတွေ ကျပ်နေတာ။ သူက ဇူလိုင်လက စတယ်။ ပြန်ပွင့်မှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ တင်းကျပ်ထားရာ လေကြောင်းကတစ်ဆင့် တစ်နိုင်တစ်ပိုင် တင်သွင်းကြသည့် မိုဘိုင်းဖုန်း၊ IT ပစ္စည်းများကဲ့သို့ ကုန်ပစ္စည်းများ တင်သွင်းရန် ကြန့်ကြာနေပြီး စျေးကွက်အတွင်း အခက်အခဲများ ဖြစ်နေသည်ဟု သိရသည်။

” လေဆိပ်မှာ ကီလို ကျော်ပြီး သယ်တာကို အတော်တင်းကျပ်ထားတယ်။ ဘန်ကောက်က ပြန်လာတာ သူငယ်ချင်းအတွက် ဆိုပြီး ဝယ်လာတာမျိုးတောင် မရဘူး” ဟု ထိုင်းနိုင်ငံမှ အလည်အပတ်ပြန်လာသူတစ်ဦးက ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများထံမှ သယ်ယူလာသည့် ပစ္စည်းများအား ပို၍ အဓိကထား စစ်ဆေးပြီး I phone ကဲ့သို့ စျေးနှုန်းမြင့်ပြီး သယ်ရလွယ်သည့် ပစ္စည်းများကို ပစ်မှတ်ထား စစ်ဆေးသည်ဟု သိရသည်။

စစ်ဆေးတွေ့ရှိပါက စစ်ကော်မရှင် အကောက်ခွန် အရာရှိများက မတန်တဆ အခွန်ဆောင်ခိုင်းပြီး အခွန်မဆောင်နိုင်ပါက ပစ္စည်းကို သိမ်းယူထားကြောင်း သိရသည်။

” ဘန်ကောက်ကလာတာတွေကို ပိုစစ်တယ်။ သူတို့ သတ်မှတ်စည်းကမ်းနဲ့ မကိုက်တာတွေ ပါလာရင် တောင်းသလောက် အခွန်ဆောင်ခိုင်းတယ်။ မဆောင်နိုင်ရင် နိုင်ငံကူးလက်မှတ်သိမ်းမယ်၊ ပစ္စည်းသိမ်းတယ်” ဟု အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြုံတွေ့ခဲ့ရသည့် အကြောင်းကို ပြောသည်။

ထိုသို့ စစ်ကော်မရှင် တင်းကျပ်ထားမှုကြောင့် Cargo Service ပြုလုပ်သူများ အကျပ်ရိုက်နေပြီး ၄င်းတို့ကို အားကိုးကာ ပြည်ပမှ ကုန်ပစ္စည်းများ တစ်နိုင်မှာယူသူများလည်း ပစ္စည်းမှာမရသည့် အခက်အခဲကို ကြုံတွေ့နေရသည်။

” Cargo တွေက shipping နဲ့ သယ်တာလည်း တင်းကျပ်ထားတယ်။ ဖိနပ်မှာထားတာ ၆လရှိပြီ။ Cargo Service က မရလို့ အခုထိ မရသေးဘူး။ အောက်တိုဘာ လကုန်လောက်တော့ ပြန်ပွင့်ပြီး ရမယ်လို့ ကြားတယ်” ဟု ကုန်ပစ္စည်းမှာယူထားပြီး မရသေးသူ တစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် စီမံချက်ဟုဆိုကာ ရေကြောင်း၊ လေကြောင်းများမှ ပြည်ပသွင်းကုန်များ တင်းကျပ်ထား သကဲ့သို့ တိုက်ပွဲများ ရှိနေဆဲ အာရှ လမ်းမကဲ့သို့ ထိုင်းနယ်စပ်မှ ကုန်းကြောင်းဖြင့် ကုန်စည် စီးဆင်းသည့် အဓိကလမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားလျက် ရှိသည်။

စာတည်း-ကိုဆန်း