မွန်ပြည်နယ်၊ချောင်းဆုံးတံတားအဆင်းတွင် စစ်အုပ်စုဝင်တို့က ဆိုင်ကယ်များကို အပြစ်ရှာဖမ်းဆီး ငွေညှစ်ခြင်းအမှု ယနေ့ပြုလုပ်ခဲ့ရာ နေ့တစ်ပိုင်းအတွင်း ကျပ်သိန်း၁၀၀ကျော် ရသွားကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ၅ရက်)နံနက်ပိုင်းမှစတင်ကာ သံလွင်တံတား(ချောင်းဆုံ)အဆင်း ချောင်းဆုံ ဘက်ခြမ်းရဲကင်းတွင် နှစ်ပွင့်နှင့် ရဲအုပ်တစ်ဦးက ဦးဆောင်ကာ တံတားလုံခြုံရေးရဲကင်းမှ စစ်သားနှင့် ရဲ စုစုပေါင်း ၁၀ဦးခန့်တို့က ယာဉ်စစ်ခေါင်းစဉ်ဖြင့် ယာဉ်ထိန်းရဲမပါဘဲ ယာယီနံပါတ်ပြားတပ် ဆိုင်ကယ်များအား အဓိက ထား ဖမ်းဆီးငွေညှစ်ခြင်းဖြစ်ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ဒီနေ့က သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ဆိုတော့ မော်လမြိုင်တက်ပြီး ဈေးဝယ်ကြတာ ရော၊လူကြီးတွေ ကန်တော့ကြတာရောဆိုတော့ ချောင်းဆုံကနေ မော်လမြိုင်တက်တဲ့သူရော၊မော်လ မြိုင်ကနေ ချောင်းဆုံးဘက် လာလည်တာရော ပိတ်ရက်ဆိုတော့လေ။ဒီလိုအခါကြီးရက်ကြီးမှာ မ လုပ်လောက်ဘူးဆိုပြီး လူငယ်တွေကလည်း ယာယီနံပါတ်ပြားဆိုင်ကယ်တွေ ထုတ်စီးတာကို ပက် ပက်စက်စက်ဖမ်းတာ”ဟု ၎င်းက MPAသို့ပြောသည်။
ယာယီနံပါတ်ပြားတပ် ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်၄သိန်းကျော် တောင်းရမ်းပြီး လိုင်စင်ဘီးများကိုမူ ဦးထုပ်မဆောင်းခြင်းအပါအဝင် ပြစ်ချက်တစ်ခုခုတွေ့ပါက ကျပ်၃သောင်းမှ ၈သောင်းအထိ တောင်းရမ်းကြောင်း သိရသည်။
“ဆိုင်ကယ်ပဲဖမ်းတယ်။ကားမဖမ်းဘူး။ဆိုင်ကယ်ကိုဖမ်းတယ်ဆိုပေမဲ့ ဆိုင်ကယ်မသိမ်းဘူး။ပိုက်ဆံပဲ ရအောင်တောင်းတယ်။ရဲကင်းဂိတ်ထဲကို ဆိုင်ကယ်ထည့်ပြီး ငွေမပါလာလည်း ဖုန်းဆက်ယူလာခိုင်း ပြီး တောင်းတယ်”ဟု ချောင်းဆုံတံတားအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
ယခင်က ယာယီနံပါတ်ပြားတပ်ဆိုင်ကယ်များကို လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့သော်လည်း မဖမ်းသည်မှာ ကြာပြီဖြစ်သလို ပွဲတော်ရက်ဖြစ်၍ မဖမ်းဆီးနိုင်ဟုထင်ကာ ထုတ်စီးကြခြင်းဖြစ် ကြောင်း သိရသည်။
“ကျနော်တို့ မှန်းကြည့်သလောက် အခုနေ့တစ်ပိုင်းထဲနဲ့ သိန်း၁၀၀ကျော် ရသွားပြီ”ဟု ချောင်းဆုံ ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ယနေ့ မွန်းလွဲပိုင်း၌ ပြောသည်။
ချောင်းဆုံတံတားအဆင်း ရဲကင်းတွင် ဆိုင်ကယ်များကို မဖမ်းသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။
စာတည်း-ML
