သီတင်းကျွတ်လပြည့်လည်း မရှောင် နမ္မတူနှင့်သီပေါပြည်သူများကို စစ်တပ် ဗုံးကြဲ

ဓာတ်ပုံ-TNLA
ပုံစာ- နမ္မတူမြို့ ဗုံးကျရောက်ပြီးနောက် မြင်ကွင်း

အများပြည်သူ ကောင်းမှုကုသိုလ်ယူနေကြသော သီတင်းကျွတ်လပြည့်နေ့တွင် TNLA ထိန်းချုပ်ထားသော နမ္မတူနှင့် သီပေါမြို့ပြည်သူများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ၆ရက်)နံနက်၇နာရီ၄၃မိနစ်ခန့်တွင် နမ္မတူမြို့၊မြို့မဈေးရပ်၊ရပ်ကွက် ၂ ပြည်သူ များကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ နေအိမ်၆လုံး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

“ဂျက်ဖိုက်တာတစ်စီးနဲ့ နမ္မတူနဲ့ သီပေါကို ဆက်တိုက်ကြဲသွားတယ်။နမ္မတူမှာက အိမ်၆ လုံးအပြင် ကားတွေလည်း ထိတယ်။လူသေဆုံးမရှိပေမဲ့ ဒဏ်ရာရတာတော့ ရှိတယ်လို့ ကနဦး သတင်းပေါ့နော်။သီပေါကျတော့ ထွေအုပ်ရုံး ဝန်ထမ်းအိမ်ရာထိတယ်။လူမထိဘူးလို့သိရတယ်။ သီ ပေါကျတော့ စစ်တပ်ထိုးစစ်ဝင်လာနိုင်တယ်ဆိုပြီး စစ်ရှောင်နေကြပြီ။အိမ်တွေမှာ လူစောင့်လောက် ထားပြီး ရှောင်နိုင်တဲ့သူတွေ ရှောင်နေကြတယ်”ဟု ရှမ်းမြောက်အခြေစိုက် တော်လှန်ရေးရဲဘော်တစ် ဦးက MPAသို့ပြောသည်။

သီပေါမြို့ကို ယနေ့နံနက် ၇နာရီခွဲကျော်တွင် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ၂ရက်ကလည်း နမ္မတူမြို့ကို စစ်တပ်က ဗုံးကြဲချတိုက်ခိုက်ရာ ပြည်သူ ၄ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။