တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အခွန် ၁၀၀ ရာခိုင်နှုန်း ထပ်တိုးချမှတ်မည်ဖြစ်ပြီး အမေရိကန်လုပ် အရေးကြီးသော ဆော့ဖ်ဝဲလ်များအားလုံးအပေါ် ပို့ကုန်ထိန်းချုပ်မှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်လ် ထရမ့်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က သူ၏ Truth Social တွင် “၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ (သို့မဟုတ် တရုတ်နိုင်ငံက နောက်ထပ် အရေးယူမှုများ သို့မဟုတ် ပြောင်းလဲမှုများ ပြုလုပ်ပါက ပိုမိုစော၍) စတင်ပြီး အမေရိကန်က တရုတ်နိုင်ငံအပေါ် ၎င်းတို့ လက်ရှိပေးဆောင်နေရသည့် အခွန်များအပြင် ထပ်ဆောင်း ၁၀၀ ရာခိုင်နှုန်း အခွန်ကို ချမှတ်မည်ဖြစ်သည်” ဟု ရေးသားခဲ့သည်။
ထရမ့်က ယင်းကဲ့သို့ ထပ်ဆောင်းအခွန်များအပြင် အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုများသည် အလွန်အမင်း ရန်လိုသော လှုပ်ရှားမှုများဟု တရုတ်အစိုးရက မှတ်ချက်ပြုခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အရေးကြီးသော ဆော့ဖ်ဝဲလ်များအားလုံးအပေါ် အခွန်တိုးမြှင့်မှုသည် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်လာမည်ဟု ဆိုသည်။
အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ ပြန်လည် စတင်လာခြင်းကြောင့် စတော့ဈေးကွက်များ ကျဆင်းခဲ့ပြီး NASDAQ ၃.၆ ရာခိုင်နှုန်း၊ S&P 500 ၂.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
လက်ရှိတွင် ဖန်တာနိုင်းလ် (fentanyl) ကုန်သွယ်မှုတွင် တရုတ်က အကူအညီပေးနေသည်ဟု စွပ်စွဲကာ မမျှတသော လုပ်ထုံးလုပ်နည်းများဟု စွပ်စွဲချက်များကြောင့် တရုတ်ကုန်ပစ္စည်းများအနေဖြင့် ထရမ့်ချမှတ်ခဲ့သော အခွန် ၃၀ ရာခိုင်နှုန်းအောက်၌ ရင်ဆိုင်နေရသည်။
တရုတ်၏ လက်တုံ့ပြန် အခွန်များမှာ လက်ရှိတွင် ၁၀ ရာခိုင်နှုန်း ရှိသည်။
တရုတ်နိုင်ငံသည် မြေရှားသတ္ထုအပေါ် ပို့ကုန်ထိန်းချုပ်မှုများကို အသေးစိတ်ဖော်ပြထားသည့် စာများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ ပေးပို့ခဲ့သည်ဟု ထရမ့်က ၎င်း၏ Truth Social တွင် ဖော်ပြထားသည်။
