မုံရွာ – ဘုတလင်လမ်းပိုင်းတွင် စစ်ကြောင်းထိုးနေ၍ မုံရွာအနောက်ဘက်ခြမ်းရှိ မြို့နယ်များတွင် ကုန်ပစ္စည်းအချို့ ပြတ်လပ်

ဓာတ်ပုံ-Budalin Mobile Team - BMT
ပုံစာ-စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် သခွတ္တနယ်ကျေးရွာအား တွေ့ရစဉ်

မုံရွာခရိုင်အတွင်းရှိ မုံရွာ – ဘုတလင်လမ်းပိုင်းတွင် စစ်ကြောင်းထိုးနေ၍ မုံရွာအနောက်ဘက်ခြမ်းရှိမြို့နယ်များတွင် ကုန်ပစ္စည်းအချို့ ပြတ်လပ်နေကြောင်း ဒေသခံများနှင့် ကားသမားများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၆ ရက်မှစ၍ စစ်ကော်မရှင်တပ်က ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ မုံရွာ – ဘုတလင် လမ်းမကြီးအား အသုံးပြု၍မရတော့ဘဲ ကွင်းလမ်းများမှတဆင့် ကုန်ကားများ၊ ခရီးသည်တင်ကားများ ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။

“မုံရွာကို စျေးဝယ်တဲ့ကားတွေလည်း လမ်းပိတ်နေတော့ သွားလို့မရဘူး။ ကွင်းလမ်းကနေသွားကြတာ သုံးရက်လောက်ပဲရှိဦးမယ်။ ကုန်ပစ္စည်းတွေလည်း ကိုယ်လိုချင်သလောက်မရဘူး။ ရေသန့်ကတ်တွေလည်း သယ်လို့မရဘူး ဖြစ်နေတယ်” ဟု ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်နေ၍ မုံရွာ – ဘုတလင် – ကနီလမ်းပိုင်းပေါ်ရှိ ကျေးရွာများ၊ မုံရွာ – ဒီပဲယင်း – ရေဦးလမ်းပိုင်းပေါ်ရှိ ကျေးရွာများမှာ ကုန်စိမ်း၊ ကုန်ခြောက်နှင့် သစ်သီးများ အဝင်ရှားပါးလာ၍ အရောင်းအဝယ်နှေးကွေးလာကြောင်း သိရသည်။

“ကျမတို့ဘက်ဆို ကုန်စိမ်းအဝင်က မရှိသလောက်ပဲ။ ဂေါ်ဖီ၊ မုန်ညှင်း၊ ကန်စွန်း တခြား သစ်သီးသစ်ရွက်တွေ လတ်လတ်ဆက်ဆက်ကုန်စိမ်းတွေမရတော့တာ။ အဲ့ဒီလို ကုန်အဝင်မရှိတော့ စျေးရောင်းရတာလည်း လိုအပ်ချက်တွေနဲ့ပေါ့” ဟု ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နယ်ခွဲမှ ကုန်စိမ်းရောင်းချသူအမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် မုံရွာနှင့် ရွှေဘိုခရိုင်များမှ မန္တလေးသို့ သွားလာသည့် ခရီးသည်များကိုလည်း စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးနေမှုများကြောင့် ခရီးသည်တင်ကားများ ရပ်နားထားရကြောင်း ကားသမားများက ဆိုသည်။

“ဘုတလင်နယ်ထဲမှာဆိုရင် ကားတွေကို ငါးစီးတစ်စု လူသားဒိုင်းကာလိုမျိုး ဖမ်းထားတာ။ နောက်ထပ်ငါးစီးဖမ်းမိရင် ရှေ့က ငါးစီးကို အရင်လွှတ်ပေးတာ။ ပြီးတော့ စစ်တပ်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာဆို ပေါ်တာဆွဲတာတွေလည်း လုပ်နေတော့ အရင်လို မသွားလာရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်တပ်က ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး၊ ၄င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်၌လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ် ၃၁ ရက်တွင် စစ်ကော်မရှင်တပ်က ဘုတလင်မြို့နယ်ရှိ ပေါက်ဆိန်ပေါက်၊ ကံသာကျေးရွာနှင့် စက်တင်ဘာ ၁ ရက်တွင်လည်း ထူးကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကော်မရှင်တပ်က ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် လမ်းမကြီးတလျှောက်ရှိ မြို့နယ်များနှင့် ကျေးရွာများကို စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိနေသည်။