အာဆီယံအနေဖြင့် စစ်ကော်မရှင်၏ မည်သည့် ရွေးကောက်ပွဲကိုမှ အသိအမှတ်မပြုရန် အမျိုးသားညီညွတ်ရးအစိုးရ(NUG) အပါအဝင်တော်လှန်ရေးအဖွဲ့အစည်း ၂၀က ယမန့်(အောက်တိုဘာ ၁၂ရက်) တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံက ၂၀၂၅ခုနှစ် အာဆီယံ ဥက္ကဌ တာဝန် တစ်လျှောက်လုံးတွင် မြန်မာ့အရေးသက်ဆိုင်သူများအားလုံးပါဝင်သော အစည်းအဝေးများကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌ၏ အထူးသံတမန်က ဦးစီးကျင်းပခဲ့ရာ NUG၊ NUCC ၊ CRPH၊ EROs ၊ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြား ကိုယ်စားလှယ်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးများတွင် မြန်မာနိုင်ငံ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး၊ အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အားလုံးပါဝင်မှုရှိသော နိုင်ငံရေးဆွေးနွေးပွဲအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် မဟာဗျူဟာ အကြံပြုချက်များ၊ အာဏာသိမ်း စစ်အုပ်က စီစဉ်ထားသော အတုအယောင်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် အားလုံးပါဝင်မှုရှိသော အခင်းအကျင်းတစ်ခုအဖြစ် ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုကဲ့သို့ ပြုလုပ်ခဲ့သော အစည်းအဝေးများ၏ ရလဒ်သည် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲများကို ငြင်းပယ်ခြင်း၊ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ တိကျပြတ်သားသော အာဆီယံ လုပ်ဆောင်ချက်ကို တောင်းဆိုခြင်း၊ လူသားချင်း စာနာထောက်ထားမှု၏ မရှိမဖြစ် အရေးကြီးမှု၊ အားလုံးပါဝင်မှုရှိသော နိုင်ငံရေး ဆွေးနွေးပွဲနှင့် ဒေသတွင်း တည်ငြိမ်းရေးတို့ဖြစ်သည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အစည်းအဝေးများအတွင်း တောင်းဆိုချက်များအနေဖြင့် စစ်အုပ်စု စီစဉ်သော ရွေးကောက်ပွဲများသည် အာဆီယံ ဘုံသဘောတူညီချက် ငါးရက် သို့မဟုတ် နိုင်ငံတကာ စံနှုန်းများအရ တရားဝင်မှု လုံး၀မရှိသောကြောင့် မည်သည့်ရွေးကောက်ပွဲများကိုမဆို ငြင်းပယ်ကာ အသိအမှတ်မပြုရန် ၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတင်းပို့ တိုင်ကြားခြင်း ယန္တရားများကို အားကောင်းစေခြင်း၊ ပြည်တွင်း နှင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးရေး ကွန်ရက်များကို ပံ့ပိုးပေးခြင်းအပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုများမှ ကာကွယ်ရန် တောင်းဆိုခဲ့သည်။
“မလေရှားက အာဆီယံ ဥက္ကဌဖြစ်နေချိန်မှာ ဒီဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေကို ခေါ်ပြီးတော့ မကြာခဏ ဆွေးနွေးတာတွေလုပ်တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အဖွဲ့တွေက ဘာသတင်းမှ မထုတ်ပြန်ခဲ့ဘူး။ အခု NUG ဦးဆောင်ပြီး ထုတ်ပြန်ချက် ထုတ်တယ်ဆိုတာကတော့ စစ်တပ်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံပြီးမှ ထွက်လာတာ၊ ဒါကတော့ အာဆီယံဥက္ကဌကို ကျတော်တို့ သဘောတူညီချက်တွေကို မဖောက်ဖျက်ပါနဲ့ဆိုပြီး ဟန့်လိုက်တဲ့ သဘောလို့ မြင်မိတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ယင်းအပြင် တောင်းဆိုချက်၌ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်နေမှုကို အာဆီယံက နှုတ်ဆိတ်နေခြင်းမပြုဘဲ အဆုံးသတ်ရန်ကိုလည်း ပူးတွဲတောင်းဆိုထားသည်။
ဆက်လက်ပြီး ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ရပ်ရွာခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားသည်။
“အခုထုတ်ပြန်ချက်က တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးမှု၊ အာဆီယံကို ဖိအားပေးတာနဲ့ သတိပေးချက်တွေ ပေးပို့တာ၊ နိုင်ငံတကာ အသိုက်အဝန်းကို ပေးပို့တဲ့ သတင်းစကားလို့မြင်တယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
ထို့ပြင် လိုက်နာခြင်းနှင့် တာဝန်ခံမှု အားဖြည့်ပေးသည့် သံတမန်အစီအစဉ်များ၊ အာဆီယံ အစည်းအဝေးများ တက်ရွောက်ခွင့်ကို ဆိုင်းငံ့ခြင်း၊ ညှိနှိုင်းဆောင်ရွက်သော နိုင်ငံတကာ လုပ်ဆောင်ချက်များမှ တဆင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်လိုက်နာမှု မရှိခြင်းနှင့် ဖီဆန်ခြင်းအတွက် စစ်အုပ်စိုကု တာဝန်ခံစေရန် လုပ်ဆောင်ပါဟု ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
ယခုနှစ်အတွင်း အာဆီယံ ဥက္ကဌဖြစ်သော မလေးရှားနိုင်ငံသည် အာဆီယံ၏ အခြေခံမူများကို ထပ်မံအတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ်များကို အထိအခိုက်မခံရအောင် ပြတ်ပြတ်သားသား ဆက်လက် ဦးဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မူကို အခြေခံပြီး စုပေါင်းဆောင်ရွက်သော လုပ်ဆောင်ချက်မှသာလျှင် အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာနိုင်ငံ၏ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်စေပြီး ငြိမ်းချမ်းသော၊ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ဖွင့်ပေးနိုင်မည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
