၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ကိုဇော်ဝမ်းမောင်ကို စစ်ကော်မရှင်က အကြမ်းဖက်မှုဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
အင်းစိန် ထောင်၌ ဖမ်းဆီးခံထားရသည့် ကိုဇော်ဝမ်းမောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်က လွတ်ရက်စေ့ပြီဖြစ်သော်လည်း နောက်အမှုဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း ကိုဇော်ဝမ်းမောင်၏ညီဖြစ်သူ ကိုဇော်တူးမောင်က ပြောသည်။
” ထောင်ကနေလွတ်ရက်စေ့လို့ လွတ်ပြီဆိုပြီး အိမ်ကို အကြောင်းကြားတယ်။ အိမ်ကမိသားစုက ထောင်ဗူးဝမှာ သွားစောင့်ကြတော့၊ ထောင်ဝန်ထမ်းတွေက ပိတောက်ချောင်းရဲစခန်းကို လိုက်သွားဖို့ပြောတယ်၊ ဟိုရောက်တော့ နေ့လယ်လောက်မှနောက် အမှုအတွက် ထပ်ပြီးရုံးထုတ်မယ်လို့ သိရပါတယ် ” ဟု ကိုဇော်တူးမောင်က ပြောသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝမ်းမောင်ကို လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းတွင် ဖမ်းဆီးထားပြီး အကြမ်းဖက်ပုဒ်များဖြင့် တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကာ ပုဒ်မအမည်ကို မသိရသေးကြောင်း ကိုဇော်တူးမောင်က ဆိုသည်။
၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့မှ နိုင်ငံရေးအကျဥ်းသား ကိုဇော်ဝမ်းမောင်ကို စစ်ကောင်စီတပ်က ၂၀၂၁ခုနှစ်၊ စက်တင်ဘာ၁၉ရက်တွင် ဖမ်းဆီးခဲ့ပြီး ပုဒ်မ၅၀၅(က)၊ ၁၇/၁ ပုဒ်မများဖြင့် အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ် ၆နှစ်ချခံထားရသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
ကိုဇော်ဝမ်းမောင်၏ သားအကြီးဖြစ်သူ ကိုသီဟနှင့် ချွေးမဖြစ်သူ မစွမ်းပြည့်မွန်တို့သည်လည်း ၂၀၂၁ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ အကြမ်းဖက်ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၂၂၊ ပုဒ်မ ၅၀၅တို့ဖြင့် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်ဒဏ် နှစ် ၂၀ချမှတ်ခံထားရသည်။
ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ မခက်ခက်လွင်နှင့်သားအငယ်ဖြစ်သူ ကိုမြတ်သူတို့သည်လည်း ဘားအံမြို့သို့ ဆေးကုသမှုသွားစဉ် ၂၀၂၂ခုနှစ်၊ ဧပြီလ၌ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၁(ဂ)တို့ဖြင့် ထောင်ဒဏ် နှစ် ၁၅နှစ်ချမှတ်ခံထားရကာ မိသားစုဝင် ၅ဦးလုံး စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံနေကြရသည်။
” ကျတော်လည်း နိုင်းကျဉ်းဟောင်းတစ်ယောက်ပါ၊ စစ်တပ်ကတော့ သူတို့ယုတ်နိုင်သမျှ အဆုံးထိယုတ်သွားကြမှာဘဲ၊ ဒီအာဏာရှင်အမြစ်ပြတ်မှ တစ်တိုင်းပြည်လုံးအေးချမ်းရမှာပါ၊ ကျတော်လည်း အဝေးတစ်နေရာမှာ မိသားစုလိုက်ရှောင်တိမ်းနေရတာပါ၊ အမေကြီးရှိတုန်းလေး မိသားစုတွေ ပြန်ဆုံချင်ကြတာတော့ အမှန်ပါပဲ၊ ကိုယ်တွေတင်မဟုတ်ပါဘူး၊ သေကွဲကွဲနေကြရတဲ့သူတွေ တောင်အများကြီးပါ၊ ပြောချင်တာကတော့ မင်းအောင်လှိုင်နဲ့စစ်တပ်ကြီးအမြန်ဆုံးကျဆုံးပါစေလို့ပါပဲ ” ဟု ကိုဇော်တူးမောင်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက်က သာယာဝတီ ထောင်မှ လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားငါးဦးကို ထောင်ဗူးဝ၌ စစ်တပ် ပြန်လည်ဖမ်းဆီးခဲ့သေးသည်။
၂၀၂၃ခုနှစ်မှ စတင်ကာ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသားများကို ထောင်ဗူးဝ၌ ဖမ်းဆီးမှုများရှိခဲ့ပြီး ၂၀၂၅ခုနှစ်အတွင်း၌ ဖမ်းဆီးမှုများ ပိုမိုများပြားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
” အဓိကအားဖြင့်တော့ ဘယ်လိုလူတွေ နောက်အမှုကပ်ခံရလဲဆိုတော့ သူတို့ကို(စစ်ကောင်စီ) ပြန်လည်တွန်းလှန်နိုင်တယ်လို့ အခြေအနေရှိသောသူတွေ၊ နာမည်ကြီးတဲ့သူတွေ၊ အကျဉ်းထောင်ထဲမှာ ရှိစဉ်ကာလတုန်းက စိတ်ဓာတ်မယိုင်လဲသွားဘူးလို့ သူတို့ယူဆထားတဲ့သူတွေ၊ အပြင်ကိုရောက်လာပြီးရင် နိုင်ငံရေးနည်းနာရသော်လည်းကောင်း၊ တော်လှန်ရေးနည်းနာအရသော်လည်းကောင်း၊ ပြန်လည်တွန်းလှန်နိုင်တယ်လို့ ထင်တဲ့သူတွေကို ဖမ်းဆီးနေတယ်လို့ ကျတော်တို့ကတော့ ယူဆထားပါတယ် ” ဟု ၎င်းက ပြောသည်။
” တော်တော်များများပြန်အဖမ်းခံလိုက်ရတာက ပုဒ်မ ၁၇/၁နဲ့ လွတ်တဲ့သူတွေများတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲဒီလို လူတွေပဲ၊ ဒါဟာ သူတို့ဘက်က (စစ်ကောင်စီ) မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးပြီးတဲ့ နောက်မှာ ပြန်လွတ်လာရင်လည်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှာကို စိုးတဲ့အတွက် မရှိရှိတဲ့ပုဒ်မတွေရှာပြီး ဖမ်းဆီးနေတယ်လို့ဝောာ့ ကျတော်တော့ မြင်ပါတယ် ” ဟု မြင်းခြံအကျဥ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၀၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၅၀၇) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
