စက္ကူစုတ်ဖြစ်နေသော NCA ၁၀နှစ်ပြည့်ပွဲသို့ နိုင်ငံတကာသံတမန်များ မတက်ကြရန် တိုက်တွန်း

ဓာတ်ပုံ - လူမှုကွန်ရက်

စက္ကူစုတ်ဖြစ်နေသော NCAစာချုပ် ၁၀နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံတကာသံတမန်များ မတက် ရောက်ခြင်းဖြင့် ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ပြသကြရန် ABSDF နှင့်တိုင်းရင်းသားလက်နက် ကိုင် ၅ဖွဲ့တို့က တိုက်တွန်းလိုက်သည်။

NCA လက်မှတ်ရေးထိုးခဲ့ဖူးကြသည့် ABSDF ၊ CNF ၊ KNU ၊ NMSP-AD ၊ PNLO နှင့် LDU တို့က ယနေ့ (အောက်တိုဘာ ၁၃ ရက်) နံနက်ပိုင်း၌ ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း တိုက်တွန်းခဲ့သလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများ နှင့် ရည်မှန်း ချက်များ ကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်း သွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွား စေကြောင်း ဖော်ပြ ထားသည်။

“တစ်ခုပဲပြောချင်တာက လူထုဘက်ကို မျက်နှာမူပြီး ဒီလို အချိန်ကုန် လူပန်းရတဲ့အလုပ်မျိုး မလုပ်နဲ့တော့လို့ ဒါပဲပြောချင်ပါတယ်”ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက NCAစာ ချုပ်၌ ဆက်လက်ရပ်တည်နေသူများအား ပြောသည်။

ပြည်သူကိုနေ့စဥ်ဗုံးကြဲသတ်ဖြတ်ကာ လူငယ်များကိုအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းပြုလုပ်နေသည့် စစ်အုပ်စု ၏ ဟန်ပြလုပ်ငန်းစဉ်များ တွင်ပါဝင်ခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုအား ထောက်ခံရာကျသည့်အတွက် UN ၊ အာဆီယံနှင့် နိုင်ငံတကာသံတမန် များအနေနဲ့ စစ်အုပ်စုပြုလုပ်မည့် NCA ၁၀နှစ်ပြည့်ပွဲသို့ မတက်ရောက်ကြရန် NCA ကို ကိုယ်တိုင် လက်မှတ်ထိုးခဲ့သည့် အဖွဲ့အစည်းများက လေးစားစွာ တိုက်တွန်းခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU ၊ CNF ၊ ABSDF ၊ PNLO တို့သည် အခြား တိုင်းရင်းသား‌လက်နက်ကိုင် အဖွဲ့အစည်း ၄ဖွဲ့နှင့်အတူ ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း NMSP နှင့် LDU တို့က ထပ်မံလက်မှတ်ရေးထိုးခဲ့ကြောင်း စစ်တပ်သည် NCA လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်စဉ်ကာလအတွင်း လုပ်ငန်းစဉ်များအား လွှမ်းမိုး ထိန်းချုပ်ခြင်း ၊ စစ်တပ်ကြီးစိုးရေး မူဝါဒဖြင့် NCA သဘောတူညီချက်များကို အကောင်အထည်မဖော်နိုင်ရန် တားဆီးခြင်းများနှင့် စာချုပ်ပါ သဘောတူညီချက်များ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း ပူးတွဲ ကြေညာချက်၌ ပါရှိသည်။

“NCA ဆိုတာက ငြိမ်းချမ်းရေးခေါင်းစဉ်တစ်ရပ်အနေနဲ့ စစ်တပ်က အသုံးချစရာစာချုပ်ပေါ့။ ဒီနေ့ အချိန်ထိ NCA ခေါင်းစဉ်အောက်မှာ နေသာသလိုနေနေတဲ့ အဖွဲ့တွေဟာ ပြည်သူကိုသစ္စာဖောက်နေ တယ်ဆိုရင် မမေ့ကြဖို့လိုပါမယ်။ပြည်သူကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်နဲ့ ဖန်ခွက်ချင်းတိုက်နေ သူမှန်သမျှကို ပြည်သူက ခွင့်လွှတ်မှာမဟုတ်ဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

စစ်တပ်၏ NCA အမည်ခံ ပြုလုပ်သည့် ဟန်ပြလုပ်ငန်းစဉ်များနှင့် ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့၍ ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအား အခြေခံ ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတို့သည် နိုင်ငံကို တစ်သက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းခြင်းသာဖြစ် ကြောင်းလည်း ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

မိမိတို့သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး၏လမ်းစဖြစ်သည့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မှုမရှိစေရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှုရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ရန်အတွက် တော်လှန်တိုက်ပွဲဝင် နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတကွ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်သည်အထိ သံန္နိဌာန်ချ တစိုက်မတ်မတ်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

NCAစာချုပ် ၁၀နှစ်ပြည့်အဖြစ် အောက်တိုဘာ၁၅ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် စစ်အုပ်စု စီစဉ်လျက်ရှိသည်။