ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့က ဘန်ကောက်မြို့၊ ဘန်ခုန်ထီယန်ခရိုင်ရှိ ဂိုဒေါင်နှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသော ဘတ်ငွေ ၁၀ သန်းကျော်တန်ဖိုးရှိ ခွင့်ပြုချက်မရှိသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ပြီး ထိုင်းဘာသာစကားဖြင့် တံဆိပ်ကပ်ထားခြင်းမရှိသည့်အတွက် စားသုံးသူများက ရဲထံတိုင်ကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချိုင်းချနာ ဒက်ချ်ဒီချိုက စက်တင်ဘာ ၂ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးမှူးများက ဂိုဒေါင်နှစ်ခုကို တရားမဝင်ပစ္စည်းများ သိုလှောင်ရန် အသုံးပြုနေကြောင်း စုံစမ်းသိရှိပြီးနောက် ရဲများက စက်တင်ဘာ ၁ရက်က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ဘန်ခုန်ထီယန်ခရိုင်၊ ဆမဲဒမ်ဧရိယာရှိ ဝင်ရောက်စီးနင်းမှုများအတွင်း တရားမဝင်ကုန်ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ရာတွင် အန္တရာယ်ဖြစ်စေနိုင်သည့် အိမ်သုံးပစ္စည်းများ (ခြင်ဆေးရည်နှင့် ပိုးသတ်ဆေးများ)၊ အလှကုန်ပစ္စည်းများ (ဆံပင်ဆိုးဆေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး pads နှင့် နှုတ်ခမ်းနီ) နှင့် အစားအသောက်များ (ပူတင်းနှင့် သစ်သီးဖျော်ရည်) တို့ပါဝင်ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၀ သန်းကျော်ရှိသည်။
ယင်းပစ္စည်းများ အားလုံးတွင် ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ထုတ်ပြန်ထားသည့် မှတ်ပုံတင်နံပါတ် သို့မဟုတ် တံဆိပ်များ မပါဝင်ပေ။ အမှုအား စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ဌာနမှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့က ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေး ဒုဝန်ကြီးက ပြောကြားသည်။
FDA ဒုတိယအတွင်းရေးမှူးချုပ် ဝိသစ် ဆာရစ်ဒီးချိုင်းကူက ကုန်ပစ္စည်းများဝယ်ယူခြင်းမပြုမီ ထိုင်းဘာသာစကားဖြင့် တံဆိပ်နှင့် FDA အမှတ်တံဆိပ်ကို ရှာဖွေကြည့်ရှုသင့်ကြောင်းနှင့် ကုန်ပစ္စည်းတစ်ခုအား စိစစ်ပြီး စံချိန်စံညွှန်းများနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ လိုအပ်ချက်များကို ကျော်ဖြတ်ပြီးဖြစ်ကြောင်း ပြသသည့် အဓိကညွှန်ပြချက်များဖြစ်သည်ဟု သတိပေးထားသည်။
