ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကော်မရှင်တပ်ဘက်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေသော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က စစ်ကော်မရှင်တပ်စခန်းများကို သိမ်းယူလျက်ရှိနေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဆန်းမှစ၍ စစ်ကော်မရှင်တပ်က အင်အားအများအပြားဖြင့် မြေပြင်စစ်ကြောင်းထိုးလာသည့်အပြင် လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကော််မရှင်တပ်ဘက်မှ တန်ပြန်ထိုးစစ်ဆင်လာသော်လည်း အောက်တိုဘာ ၉ ရက်တွင် ယခင်က KIA လက်လွှတ်ခဲ့ရသည့် နှစ်မိုင်၊ သုံးမိုင်အနီးမှ ကာကင်းစခန်းငယ် သုံးခုနှင့် ၁၀ ရက်နေ့တွင် ဗန်းမော်မြို့၊ အထက ၁ အနီးမှ စခန်းနှစ်ခုကို KIA က ပြန်လည်၍ သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင်စစ်ရေးတွင်လည်း အသာစီးရနေကြောင်း သိရသည်။
“အောက်တိုဘာလဆန်းကနေစပြီး စခန်းငါးခု သိမ်းမိတယ်။ နှစ်မိုင်၊ သုံးမိုင်၊ မနောကွင်း၊ ဂေါက်ကွင်း၊ အထက ၁ နေရာတွေက စခန်းတွေ။ စစ်ကော်မရှင်တပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူနှစ်ဦးနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိတာတွေရော ရှိပါတယ်။ သေဆုံးသူတွေလည်း ရှိတယ်။ ဗန်းမော် အခြေအနေကောင်းပါတယ်။ လေကြောင်းကတော့ မကြာမကြာလာပါတယ်” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘော ၁၀ စီးခန့် ဗန်းမော်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်လာ၍ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း နှင့် ခလရ ၂၃၆ တပ်ရင်းနှစ်ခုအပါအဝင် နေရာအချို့ကို KIA ဘက်မှ လက်လွှတ်ခဲ့ရသည်။
“သြဂုတ်၊ စက်တင်ဘာလတွေထဲမှာက စစ်တပ်နဲ့ KIA က တိုက်ပွဲတွေ အတော်ပြင်းထန်တယ်။ ကျတော်တို့ကြားရတဲ့သတင်းတွေအရဆို KIA ဘက်ကလည်း သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်၊ စခန်းတွေလည်း ပြန်သိမ်းနိုင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကလည်း တစ်နေရာတည်း မဟုတ်ဘူးဆိုတော့ တိတိကျကျ မသိရတာတွေလည်း ရှိတယ်” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၃၀ အရွယ် ဗန်းမော်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ နယ်မြေများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ပါက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တည်ရှိရာ မြစ်ကြီးနားမြို့သို့ တိုက်ပွဲများ ကူးစက်လာမည်ကို စစ်ကော်မရှင်က စိုးရိမ်လျက်ရှိနေသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က အသေခံဒရုန်းများ၊ နည်းပညာအဆင့်မြင့်ဒရုန်းများ၊ မိတ္ထီလာ၊ တံတားဦး၊ မြစ်ကြီးနားလေတပ်တို့မှ Y – 8 အမျိုးအစား စစ်ထောက်ပို့လေယာဥ်၊ Y – 12 အမျိုးအစား စစ်ထောက်ပို့လေယာဥ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
“စစ်ကော်မရှင်တပ်ဘက်က လေကြောင်းအဓိက သုံးနေတာ။ ရေကြောင်းကနေလည်း သင်္ဘောတွေနဲ့ ပို့တာတွေလည်း ရှိတာပဲ။ လေကြောင်းနဲ့ လူချ၊ ရိက္ခာထုပ်ချတာတွေ လုပ်တယ်၊ ဗုံးကြဲတယ်” ဟု ဗန်းမော်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်၌ စကခ (၂၁) ဌာနချုပ်သို့ စားနပ်ရိက္ခာ၊ လက်နက်နှင့် လူအင်အား လာရောက်ပို့ဆောင်သည့် စစ်ကော်မရှင်၏ ရဟတ်ယာဥ် သုံးစင်းအနက် နှစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ပစ်ချနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှစ၍ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဆယ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိ(၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် အထိ) နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် အလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
