စစ်ကော်မရှင်၏ ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ထားမှုကြောင့် ကောလင်းတွင် ဆေးဝါးပစ္စည်းများပြတ်လပ်

ဓာတ်ပုံ- လူမှုကွန်ရက်

စစ်ကော်မရှင်က စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ထားမှုကြောင့် ကောလင်းမြို့နယ်၌ ဆေးဝါးပစ္စည်းများပြတ်လပ်လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ် ပထမပတ်မှ စတင်ကာ စစ်ကော်မရှင်သည် စစ်ကိုင်းအထက်ပိုင်းသို့ ကုန်စည်သယ်ဆောင်ခွင့်ကို စတင်ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ထိုကန့်သတ်ပစ္စည်းများတွင် အမျိုးသမီးလစဥ်သုံးပစ္စည်း၊ စောင်၊ ခြင်ထောင်နှင့် ဆေးဝါးဆက်စပ်ပစ္စည်းများ ပါဝင်နေခြင်းဖြစ်သည်။

” အခြေခံဆေး Paracetamol တောင်ပြတ်တယ်။ ဆေးတွေဆို ကားတွေကလည်းသယ်မပေးရဲကြဘူး။ ဖမ်းခံရတာတွေလည်းရှိတယ်။ V Rhoto မျက်စဥ်းဗူးစိမ်းလေးတွေတောင် တစ်ဗူး ၃၅၀၀၀။ ခုဆို ဘာဖြစ်လာသလဲဆို ဆေးဝါးမရှိတာ၊ စျေးကြီးတာတွေကြောင့် အသက်သေတဲ့အထိတွေပါ ရှိလာတယ်”ဟု ကောလင်းဒေသခံအမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။

ယခုကာလအတွင်း ကောလင်းမြို့နယ်တွင် ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများလည်း အများအပြားရှိပြီး ဆေးဝါးပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် များစွာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကော်မရှင်သည် စစ်ကိုင်းအထက်ပိုင်းသို့ ကန့်သတ်ပစ္စည်းများအဖြစ် ရွှေတူးဖော်ရေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ၊ စက်သုံးဆီများ၊ လျှပ်စစ်ဆက်စပ်ပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ စကျင်ကျောက်များ၊ အောက်ဆီဂျင်အိုးများ၊ ဆေးဝါးဆက်စပ်ပစ္စည်းများနှင့် သံပိုက်၊ ပိုက်များကို ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့ကိုစစ်ကော်မရှင်လက်အောက်ခံ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ရမှသာ သယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

” ပထမသူတို့(စကမ)ကန့်သတ်တုန်းကတော့ တော်တော်လေးတော့ဒုက္ခရောက်သွားသေးတယ်။ ဒီဘက်ကုန်ပစ္စည်းရှားတာတို့ပြတ်တာတို့ဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့က​တော့ ပိုက်ဆံရချင်လို့ ဉာဏ်ဆင်လိုက်တယ်လို့တော့ ထင်မိတယ်ပေါ့လေ။ အခုကတော့ ပစ္စည်းရှားတာတွေဘာတွေ​တော့ မကြုံရတော့ဘူးပေါ့နော။ သူတို့ ကုန်ကားအကြီးတွေနဲ့ သယ်ခွင့်ရှိတယ်။ အဓိကပိုက်ဆံတော့ပေးရတာပေါ့နော် “ဟု အင်းတော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အင်းတော်ဒေသအနေဖြင့် ကချင်​ပြည်နယ်၊ မိုးညှင်းမြို့နှင့် မြစ်ကြီးနားမြို့များမှ ဆေးဝါးကုမ္ပဏီများ၏ ဝင်ရောက်ရောင်းချမှုရှိခြင်းကြောင့် ဆေးဝါးပြတ်လပ်ခြင်းမရှိသော်လည်း အခြားကုန်ပစ္စည်းစျေးနှုန်းမြင့်တက်ခြင်းကိုမူ ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။

စစ်ကော်မရှင်က စစ်ကိုင်းအထက်ပိုင်းသို့ ကုန်စည်သယ်ယူခွင့်ကန့်သတ်လိုက်ခြင်းနှင့်အတူ မှောင်ခိုစျေးကွက်များလည်း တပြိုင်နက်တည်းပေါ်ပေါက်လာပြီး ထိုသို့​မှောင်ခိုစျေးကွက်ပေါ်ပေါက်လာခြင်းကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာ​​​ကြောင်း သိရသည်။

” သူတို့(စကမ)ကို ပိုက်ဆံပေးပြီး မှောင်ခိုသယ်တဲ့ဟာတွေပေါသွားတာပေါ့။ ကုန်ပစ္စည်းပြတ်လပ်တာထက်ကို ကုန်စျေးနှုန်းတက်တာပေါ့ ဒီလိုမှောင်ခိုလုပ်လိုက်တဲ့အတွက်။ ကုန်စျေးနှုန်းကတော့ ကြာလေတက်လေပါ့။ ကျသွားတယ်လို့ကိုမရှိဘူး”ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

စစ်ကိုင်းအထက်ပိုင်းသည် ရွှေထွက်သည့်ဒေသများဖြစ်ပြီး စစ်ကော်မရှင်က ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ခွင့်မပြုသကဲ့သို့ တားဆီးရန် ရွှေတူးဖော်ရေးဆက်စပ်ပစ္စည်းများကို ကန့်သတ်လိုက်ခြင်းဖြစ်သော်လည်း မှောင်ခိုစျေးကွက်ဖြင့် ပုံစံမပျက်ဆက်လက်လည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။