စစ်တပ်ကြီးစိုးရာ မင်္ဂလာဒုံရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို မြို့ပြပြောက်ကျားများ မိုင်းခွဲတိုက်ခိုက်

ဓာတ်ပုံ - လူမှုကွန်ရက်

ရန်ကုန်မြို့ ၊ မင်္ဂလာဒုံမြို့နယ်ရှိ တရားမဝင်ရွေးကောက်ပွဲကိစ္စရပ်များ ဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ ၁၅ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် စစ်တပ်ကြီးစိုးရာ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမ‌ကြီးပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို ပြင်းအားမြင့် မိုင်းတစ်လုံးနှင့် လက်ပစ်ဗုံး ၂ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း Yangon Army က သတင်းထုတ်ပြန်ထားသည်။

“ရုံးတံခါးဝနားမှာပါ။ရုံးမဖွင့်ခင်ထဲက မိုင်းထောင်ထားတာပါ။ ရုံးဖွင့်မယ့်အချိန်စောင့်ပြီး တိုက်ခိုက်ခဲ့ တာပါ။ထိခိုက်မှုကတော့ ရှိနိုင်တယ်။ သေချာစောင့်ပြီးမှခွဲတာ။ရုံးက ပြည်လမ်းမပေါ်မှာ။ လေယာဥ် သင်တန်းကျောင်းနဲ့တော့နီးတယ်။အနောက်က ရပ်ကွက်ကတော့ပြည်သူတွေနေကြတာ”ဟု Yangon Army မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

တိုက်ခိုက်ခံရသည့် ပြည်ခိုင်ဖြိုးရုံးသည် သီရိမင်္ဂလာလမ်းနှင့် ပြည်လမ်းထောင့်ရှိ လေကြောင်းအတတ်သင် သင်တန်းကျောင်းအနီး ပြည်လမ်းမ‌ပေါ်၌ တည်ရှိသည်။

“ရုံးမှာ အပြာဝတ် တွေရှိတယ်။ ရပ်ကွက်လုံခြုံရေးအတွက်ခန့်ထားတဲ့စစ်မှုထမ်းဟောင်းတွေပေါ့။မြေပြင်သတင်းပို့ချက်အရ ရှုပ်ယှက်ခတ်နေကြတယ်လို့သိရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို Yangon Army နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ကိစ္စရပ်များ လုပ်ဆောင်နေသည့် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်သွားမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးဆင်းကြမည့် အမတ်အလောင်းများ သတိကြီးကြီးထားကြရန်လည်း Yangon Army က သတိပေးထားသည်။