လက်ပံတန်းတွင် တပ်ပြုတ်ပြေးဘဝရောက်လာခဲ့သည့်စစ်တပ် မကျေပွဲနွှဲရန် ပြင်ပြန်

ဓာတ်ပုံ - NUG ကာကွယ်ရေးဝန်ကြီးဌာန
ပုံစာ - ဖမ်းဆီးရမိသည့် သုံ့ပန်းများနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် PDF တိုက်ခိုက်မှုကြောင့် စစ်သားများ အသက်လုထွက် ပြေးခဲ့ရသည်အထိ အထိနာပြီးနောက် စစ်ကြောင်းထိုး မကျေပွဲ နွှဲရန် ပြင်ဆင်နေကြောင်းသိရသည်။

အောက်တိုဘာ ၁၅ရက်၊ နံနက် ၁၀နာရီခန့်တွင် လက်ပံတန်းမြို့မှ ထွက်လာသည့် အင်အား ၈၀ပါစစ်ကြောင်းသည် သရက်ချောင်းရွာကို ဝင်ရောက်မီးရှို့နေစဉ် PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၂ဦး ဖမ်းဆီးမိခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနနှင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။

” ကြားဖြတ်တော့မဟုတ်ဘူး။ ပထမရက်တွေကတည်းကပေါ့နော်။ အဲ့စစ်ကြောင်းက အဲ့ရွာတွေကို မီးရှို့ဖို့အစီအစဉ်ရှိတယ်ဆိုတာမျိုးတွေ သိထားတော့ သူတို့စစ်ကြောင်းလာမယ့်နေရာတွေကို သွားပြီးတော့စောင့်ခဲ့တယ်။ ဒါပေမဲ့၊ သူတို့ရောက်မလာခဲ့ဘူး။ အဲ့ဒီနေ့(အောက်တိုဘာ ၁၅ရက်) မနက်ကတော့ ၇နာရီခွဲကျော်လောက်မှာပေါ့။ သူတို့စစ်ကြောင်း ဆင်းလာတယ်ဆိုတာကို ရဲဘော်တွေသိတော့ အဲ့ရွာကို ရဲဘော်တွေသွားကြတယ်ပေါ့။ သွားကြတော့ သူတို့အဲ့ရွာကို မီးတောင်ဝင်ရှို့နေပြီ။ အိမ် တစ်လုံးစ ၂လုံးစ မီးခိုးထွက်လာပြီပေါ့။ အဲ့အချိန်မှာမှ ရဲဘော်တွေက သူတို့ကို ဝိုင်းပြီးတော့ တိုက်ထုတ်လိုက်တာပေါ့” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။

တိုက်ပွဲအတွင်း ဖရိုဖရဲဖြင့် ထွက်ပြေးသွားသည့် စစ်သားများအနက် ပျောက်‌ဆုံးနေသူများလည်းရှိသလို ဒဏ်ရာရသူများလည်း ရှိကြောင်း ၎င်းကပြောသည်။

” ပွဲဖြစ်နေစဉ်ပဲ ထွက်ပြေးကြတာပေါ့။ ထွက်ပြေးကြရင်းပဲ ပျောက်သွားကြတာ။ တစ်နေရာမှာ ပုန်းလျှိုး၊ လယ်ကွင်းတွေဘက်ရှိမယ်။ လျှိုတွေရှိမယ်။ အခြားနီးစပ်ရာဘက်ပေါ့နော်၊ ရွာတွေရှိမယ်။ ဒီလိုနေရာမျိုးတွေ ခိုသွားတဲ့ပုံစံရှိတာပေါ့။ ခုသူတို့ဘက်က စကမ(စစ်ကော်မရှင်)ဘက်က သတင်းအရတော့ သူတို့သေဆုံးတင်ပဲ ၂၀ဝန်းကျင်ရှိတယ်။ သူတို့ဘက်က ပျောက်ဆုံးကလည်း ၇ဦးထက်မနည်းရှိနေတယ်လို့ သတင်းရတယ်။ စစ်ကြောင်းက လုံးဝဖရိုဖရဲဖြစ်သွားတာပေါ့” ဟု ၎င်းကပြောသည်။

ဖမ်းဆီးမိသော စစ်သုံ့ပန်းအချို့မှာ PDF ရဲဘော်များ ဝိုင်းလိုက်သည်နှင့် မခုခံတော့ဘဲ လက်နက်ချ ကြောင်း သိရသည်။

” အရှင်မိတဲ့သူတွေကတော့ သူတို့ရွာထဲမှာ ရဲဘော်တွေဝိုင်းလိုက်တဲ့အခါမှာ တချို့ကတော့ လုံးဝ မခုခံတော့ဘဲနဲ့ လက်နက်ချသွားတဲ့သူတွေရှိသလို တချို့ကျတော့လည်း ပြေးရင်းလွှားရင်းနဲ့ နောက်ကနေ ဝိုင်းဖမ်းလို့မိတဲ့ဟာတွေလည်းရှိတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ပွဲအတွင်း လက်နက်အစုံ ၁၉လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်နေစဉ် လက်ပံတန်းမြို့ပေါ်မှ လက်နက်ကြီးပါသည့်ကားဖြင့် အဝေးမှ ပစ်ကူပေးကာ ည ၁၀နာရီကျော်တွင် စစ်သားအလောင်းများ လာကောက်သွားကြောင်း သိရသည်။
ယင်းသို့ အထိနာပြီးနောက် ယနေ့ (အောက်တိုဘာ ၁၆ရက်) ‌မွန်းလွဲ တစ်နာရီကျော်တွင် စစ်သားအင်အား ၁၀၀ဝန်းကျင်ဖြင့် ရိုးမတောင်ခြေဆက်စပ်လမ်းရှိ ဘုန်းကြီးကျောင်း၌ အထိုင်ချကာ ညပိုင်းတွင် စစ်ကြောင်းထပ်ထိုးရန်ပြင်နေကြောင်းသိရသည်။

” နေ့လည်စာ အဲ့မှာ ချက်ပြုတ်စားသောက်နေတယ်။ သူတို့ မိုးချုပ်ဆိုရင် စစ်ကြောင်းထိုးဖို့ရှိတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေအားလုံး ရယ်ဒီတော့ ပြင်ထားကြတယ်။ သတိထားဖို့အတွက် အကုန်လုံးတော့မှာထားတယ်။ ပြည်သူတွေရော ” ဟု ၎င်းကပြောသည်။

သရက်ချောင်းကျေးရွာသည် လက်ပံတန်းမြို့နှင့် ၄မိုင်ဝန်းကျင်သာဝေးပြီး ရန်ကုန်-ပြည်လမ်းမ အရှေ့ဘက်ခြမ်းရှိ ကျေးရွာဖြစ်သည်။

ယင်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ကွပ်ကဲမှုဖြင့် အမှတ် ၃၈၀၂ တပ်ရင်း၊ အမှတ် ၃၈၀၃တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML