ပဲခူးမှာ မဲစာရင်းစာရွက်များ မီးရှို့ခံရပြီးနောက် စစ်တပ်က ပြည်သူ ၁၅ဦးကို ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ် ဆင်တဲကုန်းကျေးရွာတွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအတွက် ကြေညာထားသည့် မဲစာရင်းများ မီးရှို့ခံရပြီးနောက် စစ်တပ်က ရွာသူ၊ ရွာသား ၁၅ဦးကို ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုတဘာ ၇့ရက် ညပိုင်းက တော်လှန်ရေးတပ်များသည် ဆင်တဲကုန်းကျေးရွာရှိ မဲစာရင်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်က အင်အားအများအပြားဖြင့် ကျေးရွာသို့ ရောက်ရှိလာကာ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ယင်းရွာခံတစ်ဦးက ပြောသည်။

“အမျိုးသားတွေကော၊ အမျိုးသမီးတွေကော ဖမ်းခံရတာ ၁၅ယောက်လောက်ရှိတယ်။ အခုထိ ပြန်လွတ်သေးဘူး။ တပ်ထဲမှာ စစ်နေတယ်လို့ ကြားတယ်။ အသက်ကြီးတဲ့ သူတွေလည်း ဖမ်းခံရတယ်။ မိသားစုတွေ လိုက်သွားတာတောင် တွေ့ခွင့်မရဘူး” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးတပ်များ မီးရှို့ခဲ့သည့် မဲစာရင်းစာရွက်များသည် ဆင်တဲကုန်းကျေးရွာ စာကြည့်တိုက်တွင် ထားရှိထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပွားမှုသည် ကျေးရွာ၌ တာဝန်ရှိပြီး ကျူးလွန်သူများကို မဖော်ထုတ်ပေးပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်ထားကြောင်း သိရသည်။

“ဓာတ်ဆီပုံးတွေပါ သယ်လာတာ၊ တရားခံဖော်မပေးရင် ရွာမီးရှို့မယ်တဲ့ ရွာသားတွေလည်း အကုန်လန့်နေတာ၊ ညကြီး မီးလာရှို့တာ ဘယ်သူဆိုတာ သိပါ့မလဲ၊ အခုက ညဆို ဘယ်သူမှ အိမ်ပြင်တောင် ထွက်ရဲတာမဟုတ်ဘူး” ဟု ဆင်တဲကုန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မဲစာရင်းစာရွက်များ မီးရှို့ခံရသည်မှာ ၁၀ရက်ရှိပြီဖြစ်သော်လည်း စစ်သားများက ကျေးရွာသို့ မကြာခဏ လာရောက်နေသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“ညဘက်တွေကောင်းကောင်းမအိပ်ရဘူး။ လယ်ကွင်းထဲတွေထွက်အိပ်နေရတယ်။ ရွာထဲ ခဏခဏလာတာ၊ လူငယ်တွေဆိုတော့ပိုကြောက်နေရတယ်။ ခုထိ ဖမ်းထားတဲ့သူတွေလည်းတစ်ယောက်မှ မလွတ်သေးဘူး၊ ရွာကိုတော်တော်မဲနေတာ၊ ဘာမှမဆိုင်ဘဲ ရွာသားတွေက ထွက်ပြေးနေရတယ်”ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေ အသတ်ခံရတုန်းက စစ်သားတွေ လာတောင်မလာကြဘူး။ အခုမဲစာရင်းတွေ မီးရှို့ခံထားရတဲ့ ဆင်တဲကုန်းရွာမှာလည်း အုပ်ကြီး အသတ်ခံထားရတယ်၊ အဲဒီတုန်းက အေးဆေးပဲ ၊ ရွာကိုစစ်သားတောင်မလာဘူး၊ ခုအဲဒါကြောင့်လည်း အဲဒီရွာတွေဆို အုပ်ချုပ်ရေးမှူးလုပ်မယ့်သူမရှိဘူး၊ မဲစာရင်းစာရွက်မီးရှို့ခံရတော့ အကြီးအကျယ်ပြသာနာရှာနေတာ”ဟု မင်းလှမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

မင်းလှမြို့နယ်သည် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမအသုတ်တွင် မပါဝင်ဘဲ ဒုတိယအသုတ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့လည်းဖြစ်သည်။

စစ်ကော်မရှင်က ၎င်းတို့ ကျင်းပမည့်‌ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်စီးသူများအား ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလအထိ ၆၄ ဦးကို အရေးယူထားကြောင်း သိရသည်။

စာတည်း-ကိုဆန်း