ကွေးသောလက်မဆံ့မီ မိုးပေါ်က ကျလာတဲ့ ဗုံးသီးတွေကြောင့် ဘဝကူးသွားနိုင်ကြောင်း တော်လှန် ရေးစိုးမိုးထိန်းချုပ်ဒေသတွေမှာနေတဲ့ ပြည်သူတိုင်းက ကောင်းကောင်းသိကြတယ်။
ဘယ်သူမဆို အချိန်မရွေးသေသွားနိုင်တဲ့ ကြောက်မက်ဖွယ်ခေတ်ဆိုးကြီးထဲ ကျရောက်နေတာ ကြောင့် ကိုယ့်အသက်ကိုယ် ကံရဲ့အလိုတော်အတိုင်း ကံကိုသာ ပုံအပ်ထားရတော့တယ်။ဘယ်အချိန်ရောက် လာမယ်မှန်းမသိတဲ့ စစ်အုပ်စု မိစ္ဆာလေယာဉ်တွေက အသက်ကို ဉာဏ်လည်း မစောင့်နိုင်ကြောင်း ရုတ်တရက် တစ်ချက်မှာ အပိုင်းပိုင်း ပြတ် သေကြရရှာတဲ့ ဘဝပေါင်းများစွာက ဥပမာပေးခဲ့တယ်။
ဘုရားရိပ်၊တရားရိပ်၊ဘုန်းကြီးကျောင်းရိပ်ခိုလည်း စစ်တပ်ဗုံးကြဲလို့ သေရတယ်။ကျနော်၊ကျမ စစ် ဘေးရှောင်ပြည်သူတွေပါလို့ အလံဖြူထောင်ပြလည်း ကြဲမှာပဲ။ကျောင်းထဲမှာ စာအံ နေတုန်းလည်း ဗုံးကြဲ သတ်ခံရတာပဲ။စတိတ်ရှိုးကြည့်နေတုန်းလည်း သေမင်းက ရုတ်ချည်း ပေါက်ချလာတာပဲ။ ဒီပဲယင်းမြို့နယ်ထဲ က လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရစဉ်က မြေပြင်မှာ ကြောက်အားလန့်အား ပြေးလွှားနေတဲ့ ကလေးငယ်တွေကို မြင်နေရဲ့နဲ့ ဝေဟင်ကနေ ရက်ရက်စက်စက် ကမ်းကုန်ကောင်တွေ စိတ် ကြိုက်ပစ်ခတ်။စက်တင်ဘာ၁၂ရက်၊သန်းခေါင်ကျော်အချိန် ကျောက်တော်မြို့နယ်၊သရက်တပင်ရွာ ပုဂ္ဂ လိကအထက်တန်းကျောင်းက ကျောင်းသားလေးတွေ အိပ်မောကျနေချိန် စစ်တပ်က ဗုံးကြဲချခဲ့တာကြောင့် သေလို့သေမှန်းပင်မသိလိုက်ဘဲ အယောက်၂၀ကျော် သေဆုံးကြရ။အာဏာနဲ့ပတ်သက်လာရင် ကိုယ့်မယား၊ ကိုယ့်သား၊ကိုယ့်ဆွေမျိုးကလွဲလို့ ဘယ်သူ့ကိုမဆို ဗုံးကြဲသတ်ဖြတ်ဖို့ရာ ဝန်လေးမှာမဟုတ်ကြောင်း စစ်ဗိုလ် ချုပ် တို့ရဲ့ရက်ရက်စက်စက် သက်သေပြချက်များ။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ဒီနှစ်မေလကနေ စက်တင်ဘာလကုန်ပိုင်းအထိ အပတ်စဉ်ထုတ် ပြန်နေတဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လှန်လှောကြည့်မိတော့ ပြည်သူကိုပစ်မှတ်ထားတဲ့ လေ ကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲတွေအ တွင်းလေကြောင်းတိုက်ခိုက်မှု နှစ်ခုပေါင်းထက် အကြိမ်ရေ ပိုများနေတာ တွေ့ရတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ၂၁ပတ်တာ ထုတ်ပြန်ချက်ထဲမှာ ၃ပတ်တာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ်က တော်လှန်ရေးအင်အားစုနဲ့တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ် စဉ်အောက် အနည်းငယ် လျော့နည်းနေတာတွေ့ရပြီး ကျန် ၁၈ပတ်စလုံးမှာ ပြည်သူအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုက အများဆုံး။ ၁၈ပတ်ထဲမှာ ၁၀ပတ်က ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ်က တော်လှန်ရေး အုပ်စုနဲ့ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်းရဲ့ ၂ဆနဲ့အထက်။ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုက အဲဒီလို ကြောက်မက်ဖွယ် များမှများ။
၂၀၂၅ခုနှစ်၊ဇန်နဝါရီကနေ ဧပြီအထိ ၄လတာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၉၁၆ခု ကျူးလွန်ခဲ့တာကြောင့် ပျမ်းမျှ တစ်ရက်ကို လေကြောင်းတိုက် ခိုက်မှု ၇ခုကျော်။ဖြစ်စဉ်ပေါင်း ၉၁၆ခု ထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုက ၆၂ရာခိုင်နှုန်းကျော် ရှိပြီး ပြည်သူ ၆၂၁ဦးသေဆုံးကာ ၁၂၇၂ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဉာဏ်လင်းသစ်သုတေသန ကဆိုတယ်။
ပြီးတော့ ဇန်နဝါရီကနေ ဧပြီအထိ လူ၅ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်း ဆုံးအခု ၅၀ စစ်တပ်က ကျူးလွန်ခဲ့ရာမှာ ၃၄ခုက လေကြောင်းတိုက်ခိုက်မှုဖြစ်လေတော့ စစ်တပ်ဟာ ပြည်သူ ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အများဆုံးကျူးလွန်နေပြီး လေကြောင်းတိုက်ခိုက်မှု ကြောင့်သာ ပြည်သူတွေ အများဆုံး သေဆုံးနေရတာ ထင်ရှားပါတယ်။
ဘာ့ကြောင့် စစ်တပ်က အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်နေရတာပါလဲ။ လေကြောင်းတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက တန်ပြန်ဟန့်တားနိုင်စွမ်း မရှိတာကြောင့် အနှောင့်အယှက်ကင်းကင်းနဲ့ တိုက်ခိုက်နိုင်သလို လေကြောင်းတိုက်ခိုက်မှုကြောင့် လူအသေအပျောက်လည်း များနိုင်ပါတယ်၊ ဒါ့ကြောင့် လေကြောင်းတိုက်ခိုက်မှုဟာ အကုန်အကျများပေမဲ့ ထိရောက်မှုရှိတာကြောင့် ပြည်သူနဲ့ နွေဦးတော်လှန်ရေးကြား ဆက်စပ်မှုတွေကို လေကြောင်းတိုက်ခိုက်ခြင်း နည်းနဲ့ အဆက်ဖြတ်နိုင်အောင် စစ်အုပ်စုက ကြိုးပမ်းနေခြင်းပါပဲ။ တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းက ပြည်သူတွေ စိတ်ရော ကိုယ်ပါ ချုံးချုံးကျ ဆောက်တည်ရာ မရဖြစ်နေအောင် စစ်အုပ်စုက မဟာဗျူဟာမြောက် အားစိုက် လုပ်ဆောင်ချက်လို့ဆိုရင်လည်း မမှားပါဘူး။
တော်လှန်ရေးထိန်းချုပ်နယ်မြေထဲက ပြည်သူတွေ စိတ်အေးလက်အေး စီးပွားရေး လုပ်လို့မရရုံတင်မ က စစ်တပ်က စစ်ကြောင်းထိုးပြီဆိုရင် ရှိစုမဲ့စုအထုပ်လေးပိုက်ကာ စစ်ကြောင်းရှောင်ပြေးရ။မပြေးနိုင်လို့ ရွာထဲကျန်နေရင် အရှင်လတ်လတ်မီးရှို့အသတ်ခံရတဲ့အထိ အဖြစ်ဆိုးကြရ။ရွာထဲမှာ ပြည်သူတွေမရှိလည်း ရှိသမျှပစ္စည်းတွေကို လုယက်ပြီးနောက် အိမ်တွေမီးရှို့ဖျက်ဆီးခြင်းဟာ အောက်ခြေစစ်သားတွေက ကိုယ့်သဘော နဲ့ ကိုယ် ထင်ရာစိုင်းကြခြင်းမဟုတ်ဘဲ နေပြည်တော်ရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။
စစ်အုပ်စုက ပြည်သူတွေ စားရမဲ့သောက်ရမဲ့ အိမ်ခြေယာခြေမဲ့ဘဝသို့ ရောက်အောင် ရည်ရွယ် ချက်ရှိ ရှိ စစ်ကြောင်းထိုး ဖျက်ဆီးရုံတင်မက ရည်ရွယ်ချက်ရှိရှိ ရပ်ထဲရွာထဲ လေကြောင်းကနေ ဗုံးကြဲချ။ တော်လှန်ရေးဆိုတာကြီးကြောင့် ငါတို့ဘဝတွေ တစ်စစီ ပျက်စီးခဲ့လေခြင်းလို့ ပြည်သူ တွေ နောင်တရလေမလား၊ စစ်ဗိုလ်ချုပ်တို့ စိတ်ကူးယဉ်ကြည့်ခြင်း ဖြစ်ပြီး တော်လှန်ရေးဆိုတာကြီးကို ပြည်သူတွေ ဆက်မတွေးရဲ၊ ကြားကို မကြားချင်တော့အထိ ဖြစ်သွားစေချင်ပုံပါ။
အဲဒီလို မဖြစ်ခဲ့ရင်တောင် မနက်ဖြန်ဘာနဲ့စားရမလဲလို့ တွေးပူနေရတဲ့ ပြည်သူ တော်လှန်ရေးကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘာဆိုဘာမှ မကူညီနိုင်တော့ရုံတင်မက စစ်ဘေးသင့်ပြည်သူတွေရဲ့ ဝန် တော်လှန်ရေး တပ်တွေဆီ ပိကျလာအောင် စစ်အုပ်စုက ရည်ရွယ်ပုံပါ။
ပြည်သူတို့ရဲ့ ကမ္ဘာမကျေတဲ့ တူးတူးခါးခါးမုန်းတီးမှုကို စစ်တပ်က ရရှိခဲ့ပေမဲ့ မထူးဇာတ်ခင်းနေတဲ့ စစ်ဗိုလ်ချုပ်တွေက ဘယ်ဂရုစိုက်ပါမလဲ။သူတို့ရည်မှန်းချက်ရဲ့ အရေးကြီး တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စစ်ဘေးသင့် ပြည်သူတွေရဲ့ တော်လှန်ရေးအတွက် ရုပ်ဝတ္ထုအကူအညီ သိသိသာသာ ထိုးကျသွားရုံတင်မက စစ်ဘေး သင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက တတ်နိုင်သမျှ ပြန်ကူရတာတွေ၊တော်လှန်ရေးရန်ပုံငွေထဲ ကနေ စစ်ဘေးသင့်ပြည်သူတွေအတွက် ဘတ်ဂျက်သီးသန့်ထားရတာတွေ၊လေကြောင်းရန်ကာကွယ်ရေးအ တွက် ဗုံးခိုကျင်းတူးရတာတွေ၊မြေအောက်စာသင်ကျောင်းနဲ့ မြေအောက်ဆေးရုံ တည်ဆောက်ရတာတွေ၊စတဲ့ အရာတွေအတွက် ကုန်ကျစရိတ်အဝဝတွေကြောင့် သေနတ်နဲ့ကျည်ဆန် ဝယ်ဖြည့်ရာမှာ လျော့ပါးသွားစေတဲ့ အတွက် အဲဒါဟာ စစ်အုပ်စုအတွက် အမြတ်ထွက်စေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအခြေစိုက် ကုလလက်အောက်ခံအဖွဲ့အစည်းတွေက နေရပ်စွန့်ခွာ စစ်ဘေးသင့် ပြည်သူ အရေအတွက်ကို ထုတ်ပြန်နေပေမဲ့ စစ်ဗိုလ်ချုပ်တွေ ငြိုငြင်မှာစိုးတာကြောင့် စစ်ဘေးဒုက္ခသည်တွေ ကို ထိရောက်တဲ့ အကူအညီမပေးရဲခြင်းကလည်း ရှေ့သို့ချီနေတဲ့ နွေဦးတော်လှန်ရေးကို ရသလောက်အားနဲ့ ဆွဲထား သလိုပါပဲ။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုကြောင့် စစ်ဘေးသင့်ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခ ဟာ စကားလုံးနဲ့ ထုတ်ဖော်ဖွင့်ဆိုဖို့တောင် မလုံလောက်မှန်း ကောင်းကောင်းသိသလို စစ်အုပ်စုရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာပြည်သူတွေ သောက်သောက်လဲ သေကြေဒဏ်ရာရနေတာကိုလည်း ပါးစပ်အဟောင်းသားနဲ့ ကောင်းကောင်းသိကြပါတယ်။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်၅ရပ်ဆိုတာ မင်းအောင်လှိုင် အမှိုက်ခြင်းထဲ ရောက်နေတဲ့ စက္ကူစုတ်မျှသာဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက အသေအချာသိပေမဲ့ အဲဒီဘုံသဘော တူညီ၅ ရပ်ကို ဆက်လက်ထောက်ခံခြင်းနည်းနဲ့ မြန်မာ့နွေဦးကို လျစ်လျူရှုထားပါတယ်။အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ လုံလောက်မှုမရှိကြောင်း နေ့စဉ် စိတ်ကြိုက်ဖြုန်းနေတဲ့ လူသတ်လက်နက်တွေက သက်သေ ခံနေပါတယ်။ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွေဟာ နေပြည်တော်စစ်ဗိုလ်ချုပ်တွေအ တွက် ဟာသဖြစ်နေကြောင်းလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကောင်းကောင်း သိပါတယ်။
ဒါပေမဲ့၊စစ်ဗိုလ်ချုပ်တွေအတွက် သက်ဆိုးရှည်ဆေး ပြည်သူသတ်လေယာဉ်တွေရဲ့ တောင်ပံတွေကို ရိုက်ချိုးနိုင်မယ့် တစ်စုံတစ်ရာ နည်းလမ်းရှာဖို့တောင် ပျက်ကွက်နေတာလည်း နိုင်ငံတကာပါပဲ။
ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ(SAC-M)က ဒီနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်လိုက်တဲ့ “မရဏစက်ရုံ- မြန်မာစစ်တပ်ရဲ့ ဝေဟင်ဗုံးတွေ ထုတ်လုပ်ရေးအတွက် တရုတ်ရဲ့ ပံ့ပိုးကူညီမှု”အမည်ရ အစီရင်ခံစာမှာ တရုတ်အစိုးရပိုင်ကု မ္ပဏီတစ်ခုက လေကြောင်းတိုက်ခိုက်မှုသုံးဗုံးတွေ ထုတ်လုပ်နိုင်ဖို့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။ ဒါကို တည့်တည့်တန်းတန်း နောက်တစ်မျိုးဘာသာပြန်ရရင် မြန်မာပြည်သူတွေကို သတ်ပစ်နေတဲ့ စစ်အုပ်စုရဲ့ မဟာဗျူဟာမြောက်စီမံချက်မှာ တရုတ်အစိုးရကလည်း ကာယကံမြောက်ပါဝင်သတ်ဖြတ်ပေးနေခြင်းပါပဲ။
အဲဒီလို တရုတ်အစိုးရရဲ့ ကူညီမှုနဲ့ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း ပြည်သူသတ်နေခြင်းကို နိုင် ငံတကာအသိုင်းအဝိုင်းက သူတို့နဲ့ ဘာမှမဆိုင်သလို မသိချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင် နေခြင်း ကလည်း မြန်မာပြည်သူတွေကို သွယ်ဝိုက်ကူသတ်ပေးနေခြင်းပါပဲ။
မြန်မာပြည်သူတွေရဲ့ အသက်ဟာလည်း တန်ဖိုးရှိတဲ့ လူ့အသက်တွေဖြစ်ကြောင်း ကျနော်တို့ ဘယ်လို ပြောပြမှ နိုင်ငံတကာ လက်ခံလာမှာပါလဲ။
စာတည်း-ကိုဆန်း
