မြန်မာ့သင်္ကေတ ရွှေတိဂုံဘုရားအနီး မူးယစ်ဆေး ရောင်းချသူများဖြင့် အကျည်းတန်နေ

မြန်မာနိုင်ငံ၏ အရေးကြီးသော အမှတ်လက္ခဏာ ရန်ကုန်မြို့၊ရွှေတိဂုံဘုရားအနီးတွင် မူးယစ်ဆေးဝါးရောင်းချသူများဖြင့် အကျည်းတန်နေကြောင်း သိရ သည်။

ဗဟန်းမြို့နယ်၊ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ဗဟန်းဈေးအနီး ကြေးသွန်းဘုရားဝန်းကျင်တွင် WY စိတ်ကြွမူးယစ်ဆေးပြားရောင်းချသူ ၁၅ဦးဝန်းကျင်ရှိနေကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာ မျက်နှာ Bahan Information ထံက သိရသည်။

“ဗဟန်းစခန်းက ရဲတွေကတော့ ဆေးပြားရောင်းသူတွေကိုဖမ်းဖို့လာတယ်ဆိုပြီး ဆေးပြားသိမ်း ငွေတောင်းရုံပဲ မကြာခဏ လာလုပ်လေ့ရှိနေပါတယ်လို့ ရပ်ကွက်နေပြည်သူများမှ သတင်းပေး ပို့လာပါတယ်”ဟု Bahan Information က ဆိုသည်။

မူးယစ်ဆေးရောင်းသူများမှာ ဗဟန်းမြို့နယ်၊ရေတာရှည်ရပ်ကွက်နှင့် ရွှေနံ့သာရပ်ကွက်တွင် နေ ထိုင်သူအချို့နှင့် လမ်းဘေးအိမ်ရာမဲ့များဖြစ်ကာ ဆေးပြားတစ်ပြားကို ကျပ်၁၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြကြောင်း သိရသည်။

မူးယစ်ဆေးရောင်းဝယ်မှု၏ နောက်ဆက်တွဲအဖြစ် ယင်းဝန်းကျင်၌ ဖောက်ထွင်းခိုးယူမှုများ နေ့စဉ်ဖြစ်ပွားနေသလို ဗဟန်း၃လမ်း လူကူးခုံးကျော်တံတားပေါ် ဓားထောက်လုယက်မှုများပင် ရံ ဖန် ရံခါ ဖြစ်ပွားနေကြောင်း Bahan Information က ထုတ်ပြန်သည်။

“လူနေအိမ်၊ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်းတွေ၊ဗဟန်းဈေးထဲကဆိုင်တွေကို ဖောက်တယ်။ဖုန်း တွေခိုးတယ်။ဆေးကုဖို့ပါလာတဲ့ငွေတွေပါ ခိုးတယ်လို့ပြောပါတယ်။နေ့စဉ်နီးပါး ဖြစ်နေတာပါတဲ့။ ရေ မော်တာ၊စက်ဘီး အကုန်ခိုးတာပါ”ဟု Bahan Informationမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြော သည်။

နယ်ဒေသများမှ ရန်ကုန်မြို့သို့ လာကာ ဆေးလာကုသူများနှင့် အလည်လာကြသူများမှာ ရွှေတိဂုံဘု ရားဝန်းကျင်ရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများတွင် တည်းခိုလေ့ရှိကြသည်။

ဗဟန်းမြို့နယ်၊ဝင်္ကပါလမ်းအနီးနေ ပြည်သူတစ်ဦးက “မူးယစ်ဆေးကတော့ လမ်းထိပ်ကွမ်းယာဆိုင် တွေမှာ ပါရာစီတမောဝယ်သလို အလွယ်တကူဝယ်လို့ရနေတာ ရန်ကုန်က နေရာတိုင်းမှာပါပဲ။ဒါပေမဲ့ ၊ရွှေတိဂုံဘုရားနားဝန်းကျင်လို ဘာသာရေးအရ အထင်ကရနေရာမျိုးတွေမှာပါ မူးယစ်ဆေး လုပ်နေ တာကို ရဲတွေက ငွေရပြီးရော မမြင်ချင်ယောင်ဆောင်နေတာကတော့ ရုပ်ပေါက်လွန်းတယ်။ ပြောလိုက်ရင် သူတို့လောက် ဘုရားတရားကြည်ညိုတာ သူတို့စစ်တပ်ပဲရှိတယ်။ ဗဟန်းဈေးနားမှာ စိတ်ကြွဆေးကို ပဲလှော်ဝယ်သလို ဝယ်လို့ရနေတာ အမှန်ပဲ”ဟု ပြောသည်။

ဖောက်ထွင်းခိုးဝှက်သူများကို ဗဟန်းရဲစခန်းက ဖမ်းဆီးသော်လည်း ခေတ္တသာဖမ်းကာ ငွေယူပြီး ပြန် လွှတ်ပေးနေကြောင်း Bahan Informationမှ တာဝန်ရှိသူက ပြောသည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် ဘုရားဖူးလာသူများထံ ငွေမရမက အလှူခံကာ ဆေးပြားဝယ်ချနေ သည့် ကိုရင်အယောင်ဆောင် ၆ဦးအဖွဲ့လည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

စာတည်း-ML