တောင်ညိုဆည်အနီး ၂ရက်ဆက် စစ်တပ်ဗုံးကြဲ၊ ပြည်သူ၄ဦး သေဆုံးပြီး သံဃာများလည်း ဒဏ်ရာရ

ဓာတ်ပုံ - Google Map
ပုံစာ - တောင်ညိုဆည်အနီးရှိ မကျီးပင်ရွာကို Google Map ၌ တွေ့ရစဉ်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊တောင်ညိုဆည်အနီးကို စစ်တပ်က ၂ရက်ဆက်တိုက် ဗုံးကြဲခဲ့ရာ ပြည်သူ ၄ဦးသေဆုံးကာ ဒဏ်ရာရရှိသူများထဲ၌ သံဃာများလည်း ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၆ရက်၊ ည‌နေ ၆နာရီခွဲခန့်နှင့် အောက်တိုဘာ ၁၇ရက်၊ မွန်းလွဲ ၁နာရီကျော်က နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အနီးရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ၁၆ ရက်က တောင်ညိုဆည်နားက မကျီးပင်ရွာကို ဗုံးသီး၄လုံးကြဲတယ်။ ဘုန်းကြီးကျောင်းနားက အိမ်ပေါ်ကျတာ။ အမျိုးသားတစ်ယောက်သေပြီး ၂ဦးဒဏ်ရာရတယ်။ အမျိုးသားတွေချည်းပါပဲ။ ၁၇ရက်နေ့ကကျ ဗုံးသီး၉လုံးကြဲတာ။ မယင်းရွာစာသင်ကျောင်းပေါ် တစ်လုံးကျပြီး အမျိုးသားတစ်ယောက်သေပါတယ်။ ကြာညိုရွာက အသက် ၁၀နှစ်အရွယ် ကလေးမလေးနဲ့ ၄၀အရွယ် အမေဖြစ်သူ၊ သားအမိနှစ်ယောက်သေတယ် ” ဟု နတ်တလင်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

အောက်တိုဘာ ၁၇ ရက် ဗုံးကြဲမှုဖြစ်စဉ်တွင် သင်းဘောချည်တိုင်ရွာ ဘုန်းကြီးကျောင်းမှ သံဃာတော် တစ်ပါး၊ ကိုရင် တစ်ပါး၊ ကျောင်းသား နှစ်ဦးနှင့် အောင်သုခ‌ကျေးရွာ လှေဆိပ်အနီး နေအမျိုးသား ၂ဦး တို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စက်တပ်လေထီးက ရွှေတောင်ဘက်က တက်လာတာ။ တောက်လျှောက် ဗုံးကြဲနေတော့လေ သင်းဘောချည်တိုင်၊ မယင်း၊ ကြာညို၊ အောင်သုခကျေးရွာက ပြည်သူတွေတော့ ရှောင်နေကြတယ်။ လူဦးရေတော့ မပြောတတ်ဘူး ” ဟု ၎င်းကဆက်လက်ပြောသည်။

ယခင်က တောင်ညိုဆည်အနီးရှိ မကျီးပင်ရွာတွင် အင်အား ၂၀ခန့်ဖြင့် အထိုင်ချထားသည့် စစ်တပ်ဂိတ်စခန်းတစ်ခုရှိခဲ့သော်လည်း စက်တင်ဘာ ၅ရက်က စခန်းစွန့်ကာ နတ်တလင်းမြို့နယ် ပျဉ်ပုံပျူရွာသို့ သွားရောက်‌ပူးပေါင်းကြောင်း သိရသည်။

တောင်ညိုဆည်သည် နတ်တလင်းမြို့နှင့် ၁၈မိုင်ခန့် အကွာတွင်တည်ရှိသည်။

စာတည်း-ML