ဆူဒန်နိုင်ငံအနောက်ဘက်ပိုင်း၊ ဒါဖော (Darfur) ဒေသရှိ ကျေးရွာတစ်ရွာတွင် မြေပြိုကျမှုကြောင့် လူပေါင်း ၁,၀၀၀ ခန့် သေဆုံးခဲ့သည်။
ယင်းမြေပြိုမှုသည် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာဖရိကနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များတွင် အသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ယင်းဒေသကို ထိန်းချုပ်ထားသည့် တော်လှန်ရေးအဖွဲ့က ဆိုသည်။
ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အလယ်ပိုင်းဒါဖောဒေသ၊ မာရာတောင်တန်း (Marrah Mountains)ရှိ တာရာဆင် (Tarasin) ရွာတွင် မြေပြိုခဲ့ခြင်းဖြစ်ကြောင် ဆူဒန် လွတ်မြောက်ရေး လှုပ်ရှားမှုတပ်မတော် (Sudan Liberation Movement-Army) က ကြေညာခဲ့သည်။
“ကနဦးအချက်အလက်တွေအရ ရွာသူရွာသားတွေအားလုံး သေဆုံးခဲ့ကြပြီး လူဦးရေ ၁,၀၀၀ ကျော်လောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်” ဟု ကြေညာ ချက်တွင် ရေးသားထားသည်။
ယင်းရွာသည် “မြေပြင်နဲ့ တစ်ပြေးတည်းဖြစ်အောင် လုံးဝပြိုကျသွားခဲ့တယ်” ဟု ဆူဒန် လွတ်မြောက်ရေးလှုပ်ရှားမှု တပ်မတော်က ပြောကြားခဲ့ပြီး၊ အလောင်းများကို ပြန်လည်ရှာဖွေနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို အကူအညီတောင်းခံခဲ့သည်။
မာရာတောင်တန်းဒေသအပါအဝင်၊ ဒါဖောဒေသအများစုတွင် ဆူဒန်စစ်တပ်နှင့် ဆူဆန်တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများကြောင့် ကုလသမဂ္ဂနှင့် အကူအညီပေးရေးအဖွဲ့များအတွက် အဆိုပါနေရာကို ဝင်ရောက်နိုင်ရန် အတားအဆီးများရှိနေသည်။
မာရာတောင်တန်းဒေသတွင် ဗဟိုပြုထားသည့် ဆူဒန် လွတ်မြောက်ရေး လှုပ်ရှားမှု-တပ်မတော်သည်ဒါဖောနှင့် ကော်ဒိုဖန် (Kordofan) ဒေသများတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ အများအပြားထဲမှ တစ်ဖွဲ့ဖြစ်သည်။
ဆူဒန်၏ ပြည်တွင်စစ်ပဋိပက္ခကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ၁၄ သန်းကျော်သည်နေအိမ်များကို စွန့်ခွာထွက်ပြေးနေရကာ နေရာအချို့တွင် အစာရေစာရှားပါးမှုကြောင့် အသက်ရှင်ရန်အတွက် မြက်ပင်များကို စားနေရသည့် မိသားစုများပင်ရှိနေသည်။
ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များအဆိုအရ လူမျိုးရေးအရ သတ်ဖြတ်မှုနှင့် အဓမ္မပြုကျင့်မှုများအပါအဝင် ကြီးလေးသည့် ရက်စက်ကြမ်းကြုတ်မှုများ ပဋိပက္ခအတွင်းဖြစ်ပွာခဲ့ကာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court) က စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
