စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ဝမ်ပေါင်ကုမ္ပဏီအနီး ကျေးရွာများကို စစ်တပ်က စစ်ကြောင်း၂ကြောင်းထိုးနေသဖြင့် ပြည်သူ သောင်းနှင့်ချီစစ်ဘေးရှောင်နေရကြောင်း သိရသည်။
အောက်တိုဘာ ၁၈ရက်မှစတင်၍ ညောင်ပင်ကြီးစခန်းမှအင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသည့် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီအနီး ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးနေသောကြောင့် ဆည်တည်း ၊ ဝက်မှေး ၊ ဖောင်းကထာ ၊ မိုးကြိုးပြင် ၊ တုန်းတော ၊ထန်းတောကြီး ၊ ဘင်္ဂါး ၊ တုံနှင့် လယ်တီကျေးရွာတို့အပါအဝင် ကျေးရွာ ၂၀ ကျော်မှ ပြည်သူများ စစ်ရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
“ကျေးရွာ ၂၀ ကျော်လောက်က ပြည်သူသောင်းချီ ရှောင်နေရတာဗျ။စားရေး သောက်ရေးကတော့ အဆင်ပြေသလို ဖြေရှင်းနေရတာပဲဗျ”ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့ တာဝန်ရှိသူတစ်ဦး က MPAသို့ပြောသည်။
အောက်တိုဘာ ၁၉ ရက်၊ နေ့ခင်း ၁၂ နာရီဝန်းကျင်တွင်လည်း မုံရွာမှ စစ်သားအင်အား ၅၀ ကျော်ပါ အိမ်စီးကား ၃ စီးနှင့် သံပြားကား တစ်စီးတို့ ညောင်ပင်ကြီး လှေဆိပ်မှ ကူးလာကာ စစ်ကြောင်းထပ်ထိုးနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း အဖွဲ့ထံက သိရသည်။

“မနေ့ကလည်း အင်အားထပ်ရောက်လာတော့ စုစုပေါင်း ၂၀၀ ဝန်းကျင်လောက်နဲ့ ထိုးနေတာပါ။ ခုလက်ရှိ ၂ကြောင်းခွဲပြီးထိုးနေတာပါ။ဝမ်ပေါင်အနီးရွာတွေမှာပဲ တပ်ဖြန့်ပြီးထိုးတာပါ။ဆည်းတည်း ရွာဘက်အနီးတဝိုက်ပေါ့။ လောလောဆယ်တော့ အခြေအနေငြိမ်နေပါတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ (အောက်တိုဘာ ၂၀ ရက်) မွန်းလွဲ တစ်နာရီခန့်တွင် MPA သို့ပြောသည်။
မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ ရောက်လာသည့် စစ်သားများသည်အောက်တိုဘာ ၁၇ ရက်တွင် ညောင်ပင်ကြီးရဲစခန်း၌ တစ်ညအိပ်ပြီးနောက် အောက်တိုဘာ ၁၈ ရက် နံနက်မှစတင်၍ စစ်ကြောင်းဖြန့်ထိုးနေခြင်းဖြစ်သည်။
ဆားလင်းကြီးမြို့နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် ဆားလင်းကြီး-ညောင်ပင်ကြီးလမ်း ၊ ပုသိမ်-မုံရွာလမ်းနှင့် ချင်းတွင်းမြစ်ကြောင်းလမ်းများကို အရေးပေါ်ကိစ္စမှလွဲ၍ အသုံးမပြုကြရန်လည်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသေးသည်။
စာတည်း-ML
