ပဲခူးတိုင်းအနောက်ခြမ်း၌ အခါလွန်မိုး ဆက်လက်ရွာသွန်းမှုကြောင့် စပါးခင်းနှင့် ပဲခင်းများ ပျက်စီး

ပုံစာ-သာယာ၀တီမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် စပါးခင်းများ

ပဲခူးတိုင်းအနောက်ခြမ်းတွင် မိုးလွန်နှင့် မိုးနှောင်းကာလများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရိတ်သိမ်းခါနီးစပါးနှင့် ပဲခင်များစွာ ပျက်စီးခဲ့ရကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ လလယ်မှ စတင်ကာ လက်ရှိ အောက်တိုဘာ ၂၀ရက်ထိ နေ့စဉ်နီးပါး မိုးရွာသွန်းမှုများရှိနေခြင်းကြောင့် သာယာ၀တီမြို့နယ်တွင် ရိတ်သိမ်းခါနီး စပါးခင်း ဧက တစ်ရာကျော်ပျက်စီးခဲ့ရကြောင်း အသက် ၅၀ အရွယ် တောင်သူတစ်ဦးက ပြောသည်။

“စပါးတွေက ရိတ်ခါနီးနေပြီ၊ အဲ့ဒါကို နေ့တိုင်းလေတိုက်လိုက် မိုးရွာလိုက်ဖြစ်နေတာ၊ စပါးပင်တွေကလဲ ရေထဲမြုပ်နေတာ၊ ခုထိ မိုးကလည်း မပြတ်သေးဘူး။ ဒီအတိုင်းဆိုစပါးတွေ ကောင်းမှာ မဟုတ်တော့ဘူး။ အနိမ့်ပိုင်းက ကွင်းတွေ ပျက်ကုန်တာများတယ် ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဆောင်းသီးနှံ အဖြစ်စိုက်ပျိုးထားသည့် ပဲငပိ(ပဲပုတ်)၊ မတ်ပဲ၊ ပဲတီစိမ်းများသည်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ရေနစ်မြုပ်ပျက်စီးမှုများရှိခဲ့ကြောင်း မိုးညိုမြို့နယ်၊ ရွှေလောင်းကျေးရွာမှ အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။

“ဒီနှစ် မိုးကောင်းချက်က လွန်အားကြီးတယ်။ မနှစ်က ထက်တောင် မိုးပိုသေးတယ်။ အမတို့ဘက်က စပါးမစိုက်ရဘူး။ ရေနစ်ကွင်းတွေလေ၊ အဲ့ဒီတော့ ပဲကိုစောစောစိုက်ကြတာပဲ၊ တော်သလင်း၊ သတင်းကျွတ်ဆိုပဲတွေ ကြဲကုန်ပြီ၊ အဲ့ဒါကို မိုးကနေ့တိုင်း ရွာတော့ ပဲတွေရေမြုပ်ကုန်တယ်။ ရေမြုပ်လိုက် ပြန်ကြဲလိုက်လုပ်နေတာ၊ အမတို့ရွာတွင် ပျက်သွားတဲ့လယ် ဧက ၂၀၀ ကျော်တယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ နေ့စဉ် မိုးရွာသွန်းနေမှုကြောင့် ရိတ်သိမ်းထားသည့် စပါးများကို သိုလှောင်ထား၍ မရတော့ဘဲ ရသည့်စျေးဖြင့်သာ ရောင်းချနေရကြောင်း လက်ပံတန်းမြို့နယ်မှ အသက် ၃၀အရွယ် အမျိုးသီးတောင်သူတစ်ဦးက ပြောသည်။

“ရိတ်ထားတဲ့ စပါးတွေကို နေလှန်းပြီး စျေးကောင်းမှ ထုတ်ရောင်းမယ်လို့ တွေးထားတာ၊ အခုက မိုးနေတိုင်းလိုလိုရွာနေတော့ ဘယ်လိုမှ ထားလို့မရဘူး။ အဲ့ဒီတော့ ရတဲ့စျေးနဲ့ရောင်းနေရတယ်။ စပါးတွေက ရောင်းတဲ့သူများတော့ ကုန်သည်တွေက စျေးအရမ်းနှိမ်တယ်။ အမတို့ ရောင်းရတာ စပါးတင်း ၁၀၀ကို ၁၀ သိန်းတောင် မရဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိရွာသွန်းနေသော မိုးများသည် တောင်သူများအတွက် ဖျက်မိုးဖြစ်ပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းများကြောင့် နိုဝင်ဘာလဆန်းပိုင်းထိ ပဲခူးတိုင်းအနောက်ခြမ်းတွင် မိုးရွာသွန်းမှုများရှိနိုင်သေးကြောင်း မိုးလေ၀သ စောင့်ကြည့်လေ့လာသူ ဦးဝင်နိုင်က ပြောသည်။

“မိုကတော့အများကြီးမရွာတော့ဘူး၊ အများဆုံရွာ မိုးရေချိန်တစ်လက်မလောက်ပဲရွာမယ်၊ မိုးများနိုင်ခြေမရှိဘူး ဒါပေမဲ့ နေရာကွက်ပြီး မိုးသည်းထန်တဲ့အနေထားမျိုးက ရှိနိုင်သေးတယ်၊ ဘာလို့လဲဆိုတော့မိုးအလွန်ကာလတွေမှာ ဖျက်မိုးတွေက ရွာတတ်တယ်။ ဒါတွေက မိုးအကုန်ဆောင်းအကူမှာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုပါ”ဟု ဦးဝင်းနိုင်က ပြောသည်။

တောင်သူများသည် ရာသီတုကြောင့် စိုက်ခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့နေရသည့်အပြင် စပါးစျေးမှာလည်း ယခင်နှစ်ကထက် ထက်ဝက်နီးပါး စျေးကဆင်းခဲ့မှုကြောင့် အရှုံးပေါ်အရှုံးဆင့်သည့် ဒဏ်ကို ခံစားနေရသည်။

တောင်သူများအနေဖြင့် ယခုလို ဒုက္ခမျိုးစုံကို ကြုံတွေ့နေရသော်လည်း စစ်ကော်မရှင်က ကူညီမှုမရှိသည့်အပြင် ၎င်းတို့ စိုက်ပျိုးခိုင်းသည့် သီးနှံများ စိုက်ပျိုးခြင်းမရှိသူများကို လယ်များသိမ်းမည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေသည်။

စာတည်း-ကိုဆန်း