မိုးကုတ်အရှေ့ပိုင်းပြည်သူများကို စစ်တပ် ဗုံးကြဲ၊ဘောလုံးကစားနေသည့် လူငယ်လေး၃ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ

TNLAအုပ်ချုပ်နေသော မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က ဗုံး၂လုံးကြဲချခဲ့ရာ ဖူဆယ်ဘောလုံးကစား နေသော လူငယ်လေး၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ၂၁ရက်)မွန်းလွဲ ၂နာရီ၅၃မိနစ်တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ကန်တော်ရပ်ကွက်အ တွင်းရှိ ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချပြီးနောက် ၃နာရီ၁မိနစ်ခန့်တွင် ဘုရားငါးဆူကို ဗုံးတစ်လုံးထပ်ကြဲချခဲ့ကြောင်း မိုးကုတ်မြို့သတင်းရင်းမြစ်ထံက သိရသည်။

“သေဆုံးနဲ့ဒဏ်ရာရတွေအကုန်လုံးက ဘောလုံးကစားနေချိန်မှာ ထိတာ။အကုန်လူငယ်လေးတွေ။အ သက်က ၂၀ဝန်းကျင်နဲ့အောက်။အစုံပဲ။ကန်တော်ကျတော့ မြို့အတွင်းပိုင်းကျတယ်။ဘုရားငါးဆူက မြို့အစွန်၊ ခြံတွေများတယ်။အိမ်သိပ်မရှိဘူး။ဗုံးကျတဲ့နေရာနား။အဲဒါကြောင့် ဘုရားငါးဆူက လူမထိ တာ”ဟု ၎င်းက MPAသို့ပြောသည်။

စစ်တပ်က ဗုံးကြဲချသည့်နေရာသည် ပြည်သူများသာ ရှိသည့်နေရာဖြစ်ကြောင်း သိရသည်။

“မိုးကုတ်ကို စစ်တပ်ကြဲချတဲ့ ဗုံး ၉၀ရာခိုင်နှုန်းလောက်က ပြည်သူတွေရှိတဲ့နေရာချည်းပဲ။ပြည်သူ ကို ပစ်မှတ်ထားသတ်တာ။TNLA ထိတာ မရှိသလောက်ပဲ”ဟု မိုးကုတ်မြို့အရှေ့ပိုင်းနေ ပြည်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ၁၉ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ရေအေးကျေးရွာရှိ ကြက်ခြံကို စစ်တပ်က ဗုံးကြဲခဲ့ရာ လူထိခိုက်မှု မရှိခဲ့ပေ။

စာတည်း-ML