AP
ပြောင်းလဲလာနေသော စစ်ပွဲဆိုင်ရာ အခြေအနေများနှင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်စေရန် ဂျပန်နိုင်ငံက ၎င်း၏ ကာကွယ်ရေးကို ပိုမိုတိုးချဲ့တည်ဆောက်ရန် ဆုံးဖြတ်ထားကြောင်းကို လာမည့်အပတ် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် တိုကျိုသို့ လာရောက်လည်ပတ်ချိန်တွင် ဆွေးနွေးရန်စီစဉ်ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ် တိုရှီမီဆု မိုတဲဂိ က အောက်တိုဘာ ၂၂တွင် ပြောကြားခဲ့သည်။
ထရန့်သည် လာမည့် အောက်တိုဘာ ၂၈ ရက်တွင် ဂျပန် ဝန်ကြီးချုပ်သစ် ဆနဲ တာကာအိချိ နှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေးများနှင့် ရင်ဆိုင်ခဲ့ရသော တာကာအိချိသည် ရာထူးရပြီး ရက်ပိုင်းအတွင်း ထရန့်နှင့်တွေ့ဆုံရဖွယ်ရှိသလို ဒေသတွင်း ထိပ်သီးအစည်းအဝေးနှစ်ခုကိုလည်း တက်ရောက်ရမည်ဖြစ်ရာ ယင်းအခြေအနေများက ၎င်းအတွက် အဓိက သံတမန်ရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်နေသည်။
“သမ္မတ ထရန့် လာမယ့်အစီအစဉ်အတွက် ကျွန်တော်တို့ သေသေချာချာပြင်ဆင်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆု မိုတဲဂိက ပြောကြားသည်။
အောက်တိုဘာ ၂၇ မှ ၂၉ ရက်အထိ ထရန့်၏ ခရီးစဉ်အတွင်း တာကာအိချိနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုသည် ခေါင်းဆောင်နှစ်ဦးအတွက် ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု ဆက်ဆံရေးကို မြှင့်တင်ရင်း ဂျပန်-အမေရိကန် မဟာမိတ်ကို ပိုမိုခိုင်မာအားကောင်းစေရန် ဆွေးနွေးမည့် အခွင့်အရေးအဖြစ် အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း မိုတဲဂိက ပြောကြားခဲ့သည်။
ဂျပန်အနေဖြင့် တောင်ကိုရီးယားအပြင် ဩစတြေးလျနှင့် ဖိလစ်ပိုင်တို့အပါအဝင် အခြားဒေသတွင်း မိတ်ဖက်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်နေသလို တရုတ်နိုင်ငံနှင့် တည်ငြိမ်ပြီး အပြုသဘောဆောင်သည့် ဆက်ဆံရေးကိုလည်း ရှာဖွေသွားမည်ဟုလည်း ၎င်းက ပြောသည်။
ဂျပန်သည် လက်ရှိတွင် ၎င်း၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၇ ခုနှစ်အထိ ၅းနှစ်တာ စစ်ရေးတည်ဆောက်မှုကို လုပ်ဆောင်နေပြီး၊ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်ကို စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၂ ရာခိုင်နှုန်းအထိ ၂ဆ တိုးမြှင့်ရန် ပါဝင်သည်။
အဆိုပါ မဟာဗျူဟာသည် ဂျပန်၏ တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို တာဝေးပစ်ဒုံးကျည်များဖြင့် မြှင့်တင်ထားခြင်းဖြစ်ရာ၊ စစ်ပြီးခေတ် ငြိမ်းချမ်းရေး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ကာကွယ်ရေးသက်သက်သာဟူသည့် မူနှင့် အဓိက ကွဲထွက်သွားခြင်း ဖြစ်သည်။
ယူကရိန်းစစ်ပွဲမှ ဒရုန်းအုပ်စုများကဲ့သို့သော ပေါ်ပေါက်လာသည့် စစ်ပွဲပုံစံအသစ်များနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ ဆိုက်ဘာတိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် ဂျပန်၏ စစ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း မိုတဲဂိကဆိုသည်။
ဂျပန်အစိုးရသစ်နှင့် တွေ့ဆုံရာတွင် ထရန့်က နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို နေတိုး (NATO) အဆင့်ဖြစ်သော ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့်ရန်၊ တန်ဖိုးကြီးသော အမေရိကန် လက်နက်ခဲယမ်းများ ပိုမိုဝယ်ယူရန်နှင့် နှစ်နိုင်ငံ လုံခြုံရေး သဘောတူညီချက်အရ ဂျပန်တွင် တပ်စွဲထားသည့် အမေရိကန် စစ်သည် ၅၀,၀၀၀ ခန့်အတွက် အပိုကုန်ကျစရိတ်များ ပိုမိုသုံးစွဲရန် စသည့် တင်းမာသော တောင်းဆိုမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
“ကျွန်တော်တို့ရဲ့ အမျိုးသားကာကွယ်ရေးဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ပေါ်မှာ အခြေခံသင့်ပါတယ်၊ အရေးကြီးတာက ဘတ်ဂျက်ပမာဏ နဲံ ဂျီဒီပီ အချိုးအစား မဟုတ်ပါဘူး၊ အဲဒီထဲမှာ ဘာတွေ ပါဝင်နေသလဲ ဆိုတာပါပဲ” ဟုလည်း မိုတဲဂိက ပြောသည်။ “
မိုတဲဂိသည် ထရန့်၏ ပထမသက်တမ်းအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
