ARSA တပ်ဖွဲ့က ခရီးသည်တင်ကားကိုတိုက်ခိုက်ပြီး ပြည်သူခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် နှစ်ဦးကို သတ်ခဲ့ဟု AA ထုတ်ပြန်

ပုံစာ-ARSA တပ်ဖွဲ့ဝင်အချို့

အရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အသက် ၃၀နှစ်အရွယ် ကိုထွန်းဝင်းသည် ခရီးသည်တင်ကားဖြင့် ခရီးသည် ငါးဦးကို တင်ဆောင်ပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးများကို ဝယ်ယူပြီး ပြန်လာစဉ် အောက်တိုဘာ ၂၂ရက်၊ မွန်းလွဲ ၁နာရီ မိနစ် ၄၀ခန့်တွင် ARSA တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသည်တင်ကားသည် မောင်တောမြို့နယ်၊ မြို့ယုရွာ အရှေ့ဘက် တံတားအနီးတွင် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ပြည်သူ ခြောက်ဦးကို ဖမ်းဆီးပြီး စားသုံးကုန်များကိုလည်း ယူဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ သတင်းကြားပြီးနောက် AA တပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ပြီး ARSA အဖွဲ့ ဖမ်းဆီးခဲ့သူများကို လိုက်လံရှာဖွေရာ အခင်းဖြစ်ပွားခဲ့သည့်နေရာ မလှမ်းမကမ်း၌ ပြည်သူ ခြောက်ဦးအနက် မဝေဝေစိုးနှင့် အမည်မသိ တစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေပြီ မဝေဝေစိုး၏ သမီးဖြစ်သူ အသက် ၃နှစ်အရွယ် ခိုင်မြတ်မွန်ကို မိခင်အလောင်းဘေး၌ အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့နောက် ARSA အကြမ်းဖက်ခံရမှုမှ လွတ်မြောက်လာသည့် ယာဉ်မောင်း ကိုထွန်းဝင်း၊ ခရီးသည် မောင်သန်းထွီး တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့သည်။

ယခုကဲ့သို့ ပြည်သူများကို အန္တရာယ်ပြုခဲ့သည့် ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေနေပြီး အသေးစိတ်နှင့် နောက်ဆက်တွဲ သတင်းများကို ထပ်မံဖော်ပြသွားမည်ဟု AA က အသိပေးထားသည်။