ပြည်သူတို့ ဆင်းရဲဒုက္ခ တာရှည်စေမည့် ရွေးကောက်ပွဲအတုကို နိုင်ငံတကာ ပြတ်သားစွာ ပယ်ချရန် တိုက်တွန်း

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် ပြည်သူတို့၏ ဆင်းရဲဒုက္ခများ ဆက်လက်ရှည်ကြာစေမည့် စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ပြတ်သားစွာပယ်ချရန် အလေးအနက်တိုက်တွန်းကြောင်း သံအမတ်ကြီးက ပြော ကြားလိုက်သည်။

အောက်တိုဘာ၂၃ရက်၊ကုလသမဂ္ဂ၌ ကျင်းပသည့် “Assistance in Mine Action” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု အစီအ စဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ပြောကြားခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအပေါ် မယိမ်းမယိုင် ထောက်ခံကူညီမှု ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုကြောင်းလည်း ပြောသည်။

“မြန်မာပြည်သူတွေက ရှင်းတယ်။စစ်တပ်ရွေးကောက်ပွဲကို အခုကတည်းက မဲစာရင်း လုံးဝသွားမ ကြည့်ခြင်းနည်းနဲ့ အသံတိတ် ကန့်ကွက်နေကြပြီ။နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ရုံ တင်မကဘူး။ လက်တွေ့ ထိရောက်တဲ့နည်းလမ်းတွေနဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ အကူအညီတွေပံ့ပိုးကြဖို့ လိုမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ် ဦးက MPAသို့ပြောသည်။

စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ အချို့သော အဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်များ၊ တိုက် လေယာဉ်ဆီ၊ စစ်ဖက်-အရပ်ဖက်နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာများရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ကြောင့် ဆက်လက်တည်မြဲနေခြင်းဖြစ်ကြောင်း၊ထို့ကြောင့် အဆိုပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုအား ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီ ပေးခြင်းကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်းလည်း ဆိုသည်။

အောက်တိုဘာ၂၃ရက်၊မသန်စွမ်းသူများဆိုင်ရာ အပြန်အလှန်ဆွေးနွေးပွဲတွင်လည်း သံအမတ် ကြီးက မသန်စွမ်းသူများကိုပင် အကြမ်းဖက်သတ်ဖြတ်နေသော စစ်အုပ်စု၏ လုပ်ရပ်များကို ဖွင့်ချခဲ့သလို စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မသန်းစွမ်းသူ များ၏ အခွင့်အရေးအား မြှင့်တင် ကာကွယ်ပေးကြရန် နိုင်ငံတကာအသိုက်အဝိုင်းသို့ တိုက်တွန်းခဲ့ သေးသည်။

စာတည်း-ML