ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသည့် CDF စစ်ဦးစီးချုပ်၏ မင်္ဂလာပွဲ ဗုံးကြဲခံရမှုကြောင့် ရဲမေတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကြောင်း ကနဦးသိရှိရသည်။
ယနေ့(အောက်တိုဘာ ၂၄ ရက်) နံနက် ၉ နာရီမိနစ် ၂၀ ခန့်တွင် ကန်ပက်လက်မြို့ထဲရှိ မြို့မ ၂ ရပ်ကွက်၌ ကျင်းပနေသည့် CDF ကန်ပက်လက် စစ်ဦးစီးချုပ်ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံး၃လုံး နှစ်ကြိမ် ကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူလည်း များကြောင်း ဒေသခံပြည်သူအချို့ထံက သိရသည်။
“ပြည်သူ ၂ ယောက်သေတယ်။ရဲမေ တစ်ယောက် သေတယ်။ အထိအခိုက်တော့များတယ်။ စစ်ချုပ်ရဲ့ပွဲပါပဲ”ဟု ဒေသခံပြည်သူတစ်ဦးက MPA သို့ပြောသည်။
မင်္ဂလာပွဲလေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ CDF ကန်ပက်လက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ဦးစီးချုပ်နှင့်ဇနီး ထိခိုက်မှုရှိ၊မရှိ အတည်မပြုနိုင်သေးပေ။
ဗုံးကြဲခံရမှုနှင့် ပတ်သက်ပြီး CDF ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာသန်းရွှေကို MPAက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “အဲ့ဒီ့အထိက ကျနော်ပြောဖို့ခက်နေသေးလို့လေ။ အဖွဲ့အ စည်းနဲ့ ဖြစ်တဲ့အခါကျ ကျနော့်ကို နားလည်ပေးပါ။အဲ့ဒီ့ဟာက ကျနော်ပြောဖို့ ခက်နေသေးလို့နော်။ တာဝန်အရနဲ့ဖြစ်နေလို့လေ”ဟု ပြန်လည်ဖြေကြားသည်။
ယင်းမင်္ဂလာပွဲ ပြုလုပ်မည့် အချိန်နှင့် နေရာပါရှိသည့် ဖိတ်စာမှာ စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူများလည်းရှိပြီး အဆောက်အအုံများလည်း ပျက်စီးမှု ရှိကာ ဒဏ်ရာရသူများ၏ အရေအတွက်ကို အတိအကျမသိရသေးပေ။
စာတည်း-ML
