တရုတ်နိုင်ငံသားတစ်ဦး ATM ကတ် ၂,၀၀၀ ကျော်ဖြင့် ချင်းရိုင်တွင် ဖမ်းဆီးခံရ

The Nation

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်တွင် တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ အသက် ၃၅ နှစ်အရွယ် တရုတ်လူမျိုးတစ်ဦးကို ATM ၂,၀၅၇ ကဒ် နှင့် ငွေသား စုစုပေါင်း ၅၃၇,၉၀၀ ဘတ် အပါအဝင် ပစ္စည်းအများအပြားဖြင့် အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးရမိခဲ့သည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မနော့ ဆေနာကူလ်နှင့် သက်ဆိုင်ရာအရာရှိများသည် အဆိုပါ ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ အောက်တိုဘာ ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် သန်းကောင်ယံအချိန်ခန့်က ရဲအရာရှိများသည် ဘဏ်တစ်ခုအနီးတွင် ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ်ရာ တရုတ်လူမျိုးတစ်ဦးကို စစ်ဆေးရန် ကြိုးပမ်းခဲ့ရာတွင် ၎င်းသည် ထွက်ပြေးရန် ကြိုးစားခဲ့သည်။

ကနဦး စစ်ဆေးမေးမြန်းမှုများအရ အဆိုပါအမျိုးသားသည် အသက် ၃၅ နှစ်ရှိပြီး တရုတ်လူမျိုးဖြစ်ကာ ဘဏ်အမျိုးမျိုးမှ ATM ကတ်များနှင့် ငွေလွှဲပြောင်းသည့် စာရွက်များစွာကို လက်ဝယ်တွေ့ရှိခဲ့သည်။

ရဲအရာရှိများက ၎င်းတည်းခိုသည့် ဟိုတယ်အခန်းကို ရှာဖွေခဲ့ရာ ATM ကတ် ၂,၀၅၇ ကတ်၊ ငွေသား ၅၃၇,၉၀၀ ဘတ် နှင့် ဘဏ်အကောင့်နံပါတ်များ၊ ကတ်အသေးစိတ်အချက်အလက်များပါရှိသည့် စာရွက်စာတမ်း အမျိုးမျိုး အပါအဝင် အခြားသော သက်သေခံပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့သည်။

၎င်းအား Lark app မှတစ်ဆင့် ဆက်သွယ်ခဲ့သည့် တရုတ်အမျိုးသားတစ်ဦး၏ ညွှန်ကြားချက်အရ ငွေထုတ်ယူခြင်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် ဆိုက်ဘာပြစ်မှုကွန်ရက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ယူဆထားသည်။

သံသယရှိသူများအား “အခြားသူများ သို့မဟုတ် အများပြည်သူအား ထိခိုက်နစ်နာစေနိုင်သည့် ရည်ရွယ်ချက်ဖြင့် အခြားသူများ၏ အီလက်ထရောနစ်ကတ်များကို တရားမဝင် ပိုင်ဆိုင်ထားမှု” အပါအဝင် အခြားသော စွဲချက်များဖြင့် တရားစွဲဆိုထားသည်။

အခြားဖြစ်စဉ်တစ်ခုတွင် ရဲတပ်ဖွဲ့သည် လာအိုသို့ ပေးပို့ရန် ရည်ရွယ်ထားသည့် ဘဏ်စာအုပ်များ၊ အီလက်ထရောနစ်ကတ်များနှင့် ဆင်းမ်ကတ်များကို ပုဂ္ဂလိက ကုန်ပို့ကုမ္ပဏီတစ်ခုမှတစ်ဆင့် တရားမဝင် တင်ပို့မည်ဟု သတင်းပေးပို့ချက်အရ ချင်းဆန်မြို့နယ်ရှိ ရွှေတြိဂံ စစ်ဆေးရေးဂိတ်တွင် ရှာဖွေမှု ပြုလုပ်ခဲ့ရာ ဘဏ်စာအုပ်များ၊ အီလက်ထရောနစ်ကတ်များနှင့် ဆင်းမ်ကတ်များစွာကို တွေ့ရှိခဲ့သည်။

သတင်းကွင်းဆက်အရ အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်နေ့များတွင် အာဏာပိုင်များက ဆက်လက်စုံစမ်းခဲ့ရာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံမှ ဘဏ်စာအုပ် ၃၄ အုပ်၊ ATM ကတ် ၃၈ ကတ်နှင့် ဆင်းမ်ကတ် ၃၉ ကတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါကွန်ရက်သည် လာအိုရှိ “တရုတ်လိမ်လည်မှုအဖွဲ့” သို့ ဘဏ်အကောင့်များနှင့် ကတ်များကို ခိုးထုတ်ပေးပို့ရာတွင် ပါဝင်နေပြီး၊ ၎င်းတို့က အများပြည်သူအား ထိခိုက်နစ်နာစေသည့် လိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။