စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကော်မရှင်က အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။
ကလေးမြို့တောင်ပိုင်း၊ ၉မိုင်ခန့်အကွာရှိ စစ်ကော်မရှင်တပ်စွဲထားသော ကလေးနည်းပညာတက္ကသိုလ်(TU Kalay)အတွင်းသို့ ယမန်နေ့၊ အောက်တိုဘာ၂၆ ရက်တွင် ကား၂၅စီးဖြင့် လက်နက်ခဲယမ်းနှင့် အင်အားအများအပြားကို ဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” စစ်ကြောင်းမထိုးသေးဘူး။ အင်အား ၅၀၀ဝန်းကျင်ရှိမယ်။ မနေ့ညနေက နှစ်လုံး၊ ဒီမနက်တစ်လုံး သာယာကုန်းရွာထဲ Drop Bombချတယ်ပြောတယ်ဓဟု ကလေးတောင်ပိုင်းစစ်ရေးသတင်းရင်းမြစ်က MPA သို့ပြောသည်။
ယခုကဲ့သို့ စစ်ကော်မရှင်က အင်အားဖြည့်တင်းနေသည့်အတွက် ကလေးတောင်ပိုင်း TU-Kalayကျောင်းအနီးရှိ သာယာကုန်း၊ ထိုမာ၊ ထောက်ကြံ့၊ ကျွန်းချောင်း၊ စံသာ၊ နဂါးပွက်နှင့် ရေပြာချောက်ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည်။
ယင်းအပြင် ကလေးမြို့နယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဆုံရာတွင်တည်ရှိသည့် ပျူစောထီးကျေးရွာများမှလည်း ကလေးမြို့နယ်အတွင်းသို့ ပြီးခဲ့သည့်စက်တင်ဘာလမှစ၍ စစ်ကြောင်းထိုးလျက်ရှိနေသည်။
” စစ်ကြောင်းထိုးတာကကြာပြီဗျ။ အင်အားကအနည်းဆုံး၂၀၀ လောက်ရှိမယ်။ မှန်တောရောက်ပြီ။ လက်ရှိက ငြိမ်နေတယ်ဗျ။တခြားရွာတော့မဝင်သေးဘူး။ မှန်တောမှာက အရင်လိုပြန်ထိုင်တာပါ”ဟု CDF(KKG)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါစစ်ကြောင်းကြောင့် မှန်တော၊ ရှားဖိုနှင့် တင်သားကျေးရွာများမှ ဒေသခံပြည်သူများဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပြီး ပျူစောထီးကျေးရွာများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
ယခုကဲ့သို့ နှစ်ဘက်ပိတ်၍ စစ်ကြောင်းထိုးရန်ပြင်ဆင်လာခြင်းသည် ကလေးမြို့နှင့်ပျူစောထီးကျေးရွာများကို ဆက်သွယ်ထားသည့် ကလေး-ဂန့်ဂေါကားလမ်းမကြီးကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
” ငါ့အထင်တော့ ရွေးကောက်ပွဲအတွက် ကလေးမြို့ကိုကာချင်လို့ စစ်ကြောင်းထိုးတာလို့ထင်တာပဲ။ ခုကလေးမြောက်ပိုင်းမှာ ပြန်ငြိမ်ပြီး တောင်ပိုင်းကိုစစ်ကြောင်းထိုးဖို့ ထပ်လုပ်လာတာဆိုတော့လေ။ အခြေအနေကတော့ စောင့်ကြည့်ရမှာဘဲ “ဟု အသက်၄၅နှစ်အရွယ် ကလေးဒေသခံအမျိုးသားတစ်ဦးက သုံးသပ်သည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည်သြဂုတ်လအတွင်းမှစ၍ ကလေးမြို့နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာပေါင်း ၂၀ကျော် ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ကြရသည်။
ယခုအခါ စစ်ကော်မရှင်သည် ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုဟ်ရွာနှင့် စော်ဘွားရေရှင်ရွာများတွင် ထိန်းချုပ်တပ်စွဲထားပြီး စစ်ရေးငြိမ်နေကာ ကလေးမြို့နယ်တောင်ပိုင်းသို့ ထပ်မံအင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
