ဆိပ်ဖြူစစ်ဆေးရေးဂိတ်ကို PDFဝင်တိုက်၊ စစ်သား ၄ ဦးသေဆုံးပြီး PDF စစ်ကြောင်းမှူးကျဆုံး

ဓာတ်ပုံ - ရဲဘော်ဟိန်းမင်းသူ Facebook
ပုံစာ - ကျဆုံးသွားသည့် မှ စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော် ဟိန်းမင်းသူ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦးသေဆုံးပြီး PDF စစ်ကြောင်းမှူး ကျဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက်၊ နံနက် ၅နာရီခွဲခန့်တွင် ဆိပ်ဖြူမြို့နယ်၊ဂွေးပင်ချောင်းကျေးရွာနှင့် တောင်ငယ်လုံးကျေးရွာ ကြားရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို PDFတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း၁၉ က ယနေ့ ( အောက်တိုဘာ ၂၈ရက် ) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

” ဂိတ်မှာက အင်အားက နှစ်စိတ်စာ ၁၅ ယောက်ပါ။ တစ်ခါတလေကျ အနည်းဆုံး ၁၂ ယောက်ထိ ရှိတယ်။ တိုက်ပွဲကြာချိန်က မိနစ် ၄၀ ပါ။ စစ်ဆေးရေးဂိတ်ထဲထိ တိုက်စစ်ဖွင့်ပြီး တိုက်ခဲ့တာပါ။ ဆိပ်ဖြူ၊ ဘောလုံးကွင်းကနေ စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့တာပါ။ ရန်သူ့သေဆုံးမှုက ၄ဦးပါ။ ဒါကတော့ မျက်မြင်ပေါ့” ဟု ပခုက္ကူခရိုင် တပ်ရင်း၁၉မှ ရဲဘော်တစ်ဦးက MPA ကို ပြောသည်။

ယင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော် ဟိန်းမင်းသူမှာ Yenathar Column ( မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) မှဖြစ်သည်။

” စစ်ကြောင်းမှူးက ဆိပ်ဖြူမြို့ဘောလုံးကွင်းကနေ စစ်ကူ ရောက်လာတော့ ကျနော်တို့ ပြန်အဆုတ်မှာ လက်နက်ငယ်ထိခဲ့ပြီး ကျခဲ့တာပါ ” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းမှူး၏ ဖုန်းကို စစ်တပ်က ရရှိ‌သွားသောကြောင့် အဆက်အသွယ်ရှိသူများ ကြိုတင်ရှောင်ရှားကြရန်လည်း Yenathar Column က သတိပေးထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)နှင့် Yenanthar column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး သေနတ် တစ်လက် နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၅ရက်ကလည်း ဆိပ်ဖြူမြို့နယ်တွင် PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သေးသည်။