ရေမွန်၏ Idiots Band နှုတ်ဆက်ဖျော်ဖြေပွဲ အနုပညာကြေး ပြဿနာ ပေါ်ပေါက်နေ

ဓာတ်ပုံ - MPA

နွေဦးတော်လှန်ရေး၌ ကျဆုံးခဲ့ရသော တော်လှန်ဂီတပညာရှင် ရေမွန်၏ Idiots Band နှုတ်ဆက်ဖျော်ဖြေပွဲသည် ပွဲစီစဥ်သူနှင့် ရေမွန်၏ မိသားစုဝင်များအကြား အနုပညာကြေး ပြဿနာများ ပေါ်ပေါက်လျှက် ရှိနေကြောင်း သိရသည်။

ယမန်နေ့( နိုဝင်ဘာ ၆ရက်) တွင် ရေမွန်၏ မိခင် ဒေါ်ခင်မြတ်မွန်က Idiots Band နှုတ်ဆက်ဖျော်ဖြေပွဲ ပြီးဆုံးသည်မှာ နှစ်ပတ် ကြာပြီ ဖြစ်သော်လည်း အနုပညာကြေးများ မရသေးဟု လူမှုကွန်ရက်၌ အသိပေးခဲ့သည်။

“ပွဲသာပြီးသွားတယ် ။ ဒီနေ့အချိန်ထိ ( အဓိက ကျသူ )“ Raymond “ ရဲ့ရပိုင်ခွင့် ကျန်ရစ်သူ မိသားစု ( တစ်ကျပ်တစ်ပြားမှ ) မရသေးတဲ့ ကိစ္စ ၊ကျန်တခြားသူများနဲ့ IDIOTS အဖွဲ့သားအားလုံး တော့ ရပြီးသွားပြီလို့ အတိအကျသိပြီးပါပြီ၊ လာရှင်းပေးကြပါဦး” ဟု ဒေါ်ခင်မြတ်မွန် ကရေးသားထားသည်။

အဆိုပါ ဖျော်ဖြေပွဲအား 9 Planets Production တည်ထောင်သူ ကိုသက်ဖုန်းနိုင်( ဂိုဏ်းချုပ်)က စီစဥ်ခြင်းဖြစ်ပြီး ရေမွန်၏ မိခင်နှင့် ညီမ ဖြစ်သူတို့ထံသို့ ပွဲပြုလုပ်ရန်အတွက် စာချုပ်ဖြင့် မဟုတ်ဘဲ နှုတ်ကတိဖြင့် အနုပညာကြေးပေးရန် ပြောခဲ့ကာ ပွဲစီစဥ်ခွင့်ကို တောင်းခဲ့ခြင်းဟု သိရသည်။

သို့သော် ရေမွန်၏ မိသားစု အနေဖြင့် အနုပညာကြေးများ မရသေးသည့် ဖြစ်စဥ်တွင် ကိုသက်ဖုန်းနိုင်သည် အတွေ့မခံဘဲ ရှောင်ပြေးနေသည်ဟု သိရသည်။

“သက်ဖုန်းနိုင်ရေ။ ခင်ဗျားကိုဒီကိစ္စ သုံးဘက်လုံးတွေ့ပြီးရှင်းဖို့ အကုန်ပြောထားပြီးသားနော်။ ကိုယ့်ကိစ္စကိုယ်လာရှင်းပါ။ ကျတော် နဲ့ ကျတော်တို့ band ဘက်က ready ပါ။ အခုကျတော့် နာမည်ဆွဲထည့်ခံရတာအတွက်ပါ တောင်းပန်ပေးပါ။ ကျေးဇူးပါ” ဟု Idiots Band ၏ လိဒ်ဂစ်တာသမား ကိုဖိုးလုံးက ဒေါ်ခင်မြတ်မွန်၏ ပို့စ်အောက်၌ ဖြေရှင်းချက် ပေးထားသည်။

ကိုသက်ဖုန်းနိုင်သည် Idiots Band နှုတ်ဆက်ဖျော်ဖြေပွဲအတွက် ရေမွန်၏ မိသားစုအား အနုပညာကြေး ကျပ်သိန်း ၅၀ ပေးမည်ဟု ဆိုထားခဲ့ခြင်း ဖြစ်ကြောင်း ရေမွန်၏ ညီမ လပြည့်ကဗျာက ဆိုထားသည်။

“သိန်းဆယ်ဂဏန်းကို စိတ်ဝင်တစားနဲ့ Cb( chat box) မှာလာမေးနေကြလို့ တခါတည်းဖြေပေးလိုက်ပါမယ်ရှင်။ သီချင်းအပုဒ် ၃၀ လောက်သုံးထားတဲ့ ပွဲအကြီးကြီးမှာပွဲခွင့်ပြုချက် နဲ့ သီချင်းမူပိုင်ခွင့်မြန်မာငွေ ကျပ်သိန်း ၅၀ ပါရှင် ” ဟု လပြည့်ကဗျာက ဆိုသည်။

အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည့် Idiots Band နှုတ်ဆက်ဖျော်ဖြေပွဲသို့ ပရိသတ်ထောင်နှင့်ချီ လာရောက်ခဲ့ပြီး လက်မှတ်ခ စျေးနှုန်းကြီးမြင့်ခြင်းနှင့် ပွဲအတွင်း စီမံခန့်ခွဲမှု မကောင်းသည့် ပြဿနာများ ရှိခဲ့သည်ဟု ပွဲသွားကြည့်ခဲ့သူ ပရိသတ်များထံမှ သိရသည်။

” ပွဲဝင်ဖို့ လက်ပတ်ကိုတောင် ဗြောင်ကြီး လုပ်တယ်။ ပွဲထဲမှာ စပွန်ဆာ ပေးထားတဲ့ တူးပို့ ဘီယာကို အပြင်ပေါက်စျေးထက် သုံးဆလောက်တင်ရောင်းတယ်။ ပရိသတ်တွေကို အပြင် ပေးမထွက်ဘူး။ ပါဝါဘန့်တွေ သိမ်းတယ် ရုပ်ပေါက်ပါတယ် ဂိုဏ်းချုပ် လုပ်တာက” ဟု Idiots Band ၏ အမာခံ ပရိသတ်တစ်ဦးက ဝေဖန်ပြောဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲ၌ နှလုံးစက်တပ်ထားသဖြင့် ဖျော်ဖြေရန် မသင့်သေးသော ရေမွန်၏ ငယ်သူငယ်ချင်း အဒီနိုလည်း ဖျော်ဖြေနေရင်း နှလုံးရပ် သေဆုံးခဲ့ရပြီး အဒီနို စင်ပေါ်၌ လဲကျသွားစဥ် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ စီစဥ်ထားခြင်း မရှိသဖြင့်အဒီနိုကွယ်လွန်ခဲ့ရပြီး ပရိသတ်များက ပွဲစီစဥ်သူအား ပြစ်တင် ဝေဖန်ခဲ့ကြသည်။

Idiots Band ၏ ပင်တိုင် အဆိုတော် ရေမွန်သည် အာဏာသိမ်း စစ်တပ် ဖမ်းဝရမ်းထုတ်မှုကိုရှောင်တိမ်းရင်း ၂၀၂၁ ခုနှစ် ဇွန် ၂၃ ရက်တွင် တော်လှန်နယ်မြေ တစ်နေရာ၌ ကျဆုံးခဲ့သည်။

Idiots Band သည် အဆိုတော် ရေမွန် ကျဆုံးခြင်း၊ Band ၏ ဒရမ်မာ ကိုဂျပန် အာဏာသိမ်း စစ်တပ်ကို ဆက်လက် တော်လှန်လျှက် ရှိနေခြင်းတို့ကြောင့် လူမစုံ ဖြစ်ခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က ပြည်တွင်း၌ ကျန်ရစ်ခဲ့သည့် အဖွဲ့သား ၂ဦးနှင့် အခြား ဂီတပညာရှင်များ ကူညီမှုဖြင့် နှုတ်ဆက်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။