ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း လူသားဒိုင်းလုပ်ရန် စစ်တပ်က ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက်မှစတင်၍ စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် တီးတိန်မြို့မှ ကလေးလမ်းပိုင်း သိုင်းငင်ဘက်သို့ ဦးတည်လျက် လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးကာ လူသားဒိုင်းလုပ် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ရက်၌ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရစဉ် စစ်သားများ၏ အဓမ္မပြုကျင့်မှုခံထားရသည့် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၁၄ ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း PDF Zoland က နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
“ကျနော်တို့ ကယ်ထုတ်လိုက်တဲ့ ၁၄ ဦးက တီးတိန်မြို့အပါ ကျေးရွာပေါင်း ၆ ရွာက ခရီးသွားပြည်သူ တွေပါ။ညဘက်မှာ ကယ်ထုတ်တာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ချိန်က တစ်ယောက်နဲ့တစ်ယောက်မ တူ ကြဘူး။ လုံခြုံတဲ့နေရာမှာ ထားပါတယ်။ မိသားစုနဲ့ ဆက်သွယ်ပြီး အိမ်ပြန်ဖို့ စီစဉ်ပေးပါတယ်ဗျာ။ အဓမ္မပြုကျင့်ခံထားရတဲ့ အမျိုးသမီးကို သက်ဆိုင်ရာ ဌာနဆိုင်ရာကနေ စောင့်ရှောက်ကုသမှု ပေးထားပါတယ်”ဟု PDF Zoland မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဒေသခံ၁၄ဦးအား မည်သို့ ကယ်ထုတ်ခဲ့သလဲဆိုသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယင်းခြေလျင်စစ်ကြောင်းနှင့် အောက်တိုဘာ ၃၀ ရက်၊ နိုဝင်ဘာ တစ်ရက်နှင့် ၂ ရက်တို့တွင် ချင်းညီနောင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ တစ်ရက် တိုက်ပွဲ၌ လက်နက်အချို့နှင့် ချောဆွဲထားသော ပြည်သူပိုင် ကားတစ်စီးကို ချင်းညီနောင်က သိမ်းဆည်းရရှိခဲ့ကြောင်း ၊ နိုဝင်ဘာ ၃ ရက်တွင် စစ်တပ်က ဒေသခံပြည်သူများကို လူသားဒိုင်း အဖြစ် အသုံးချကာ ထိုးစစ်ဆင်လာသဖြင့် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ တီးတိန်-ကလေးလမ်း ဆွောမ်းပီး (SUANGPI) လမ်းခွဲဘက်မှ စစ်အင်အား အချို့ထွက်လာသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
“မနေ့(နိုဝင်ဘာ ၇ ရက်)ည ၈ နာရီလောက် ရှေ့ဆုံးကအဖွဲ့တချို့ သိုင်းငင်းရောက်တယ်။တချို့က တီးတိန်ဘက်ကို နောက်ဆုတ်ထားတယ်”ဟု လက်ရှိ စစ်ကြောင်းအခြေအနေနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် ထွက်ပြေးလွတ်မြောက်သူများလည်း ရှိကာ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်းများ ရရှိထားကြောင်း သိရသည်။
“စစ်သုံ့ပန်းကိစ္စသီးခြား သတင်းထုတ်ပြန်ပါမယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အောက်တိုဘာ ၂၆ ရက်မှစ၍ တီးတိန်မြို့ ခလရ ၂၆၉ သို့ MI17 အမျိုးအစား ရဟတ်ယာဉ်ဖြင့် စစ်သားအင်အား ၅၀၀ ခန့်ကို ၂၆ ကြိမ်ခန့် ဆက်တိုက်ပို့ဆောင်ခဲ့ပြီးနောက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
သိုင်းငင်းရွာသည် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် ကလေး-တီးတိန်-ဖလမ်း လမ်းမပေါ်တွင်တည်ရှိပြီး တီးတိန်မြို့နှင့် ၁၄ မိုင်ကျော်ဝေးသည်။
