စစ်ကော်မရှင်သည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ မြစ်ဆိပ်များရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခြင်းကြောင့် စက်လှေသမားများ ဝင်ငွေရရှိမှုလျော့နည်းလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လုံခြုံရေးအရ မြစ်ဆိပ်ကမ်းများ ပိတ်ထားရသည်မှာ အချိန်ကြာမြင့်ခြင်း၊ ဆိပ်ကမ်းနေရာများ မကြာခဏပြောင်းရွေ့ရခြင်းတို့ကြောင့် ပုံမှန်ပြေးဆွဲနေကြသည့် စက်လှေသမားများအနေဖြင့် ဝင်ငွေလျော့နည်းမှုများ တွေ့ကြုံနေရကြောင်း သိရသည်။
“ကျတော်တို့ ကူးနေကြ ကူးတို့ဆိပ်တွေပိတ်လိုက်တော့ ဖောက်သည်တွေ ပျက်ကုန်တယ်။ တချို့ကျတော့လည်း အခြေအနေအေးသွားရင် ပြန်ဖွင့်ကြတာ၊ နဂို ဖွင့်ထားတဲ့ သူတွေရဲ့ ဖောက်သည်တွေက တခြားရောက်ကုန်ရော။ ဆိပ်ကမ်းတွေကလည်း နေရာတွေ အမြဲ ပြောင်းနေရတာလည်း ပါတယ်။ ကမ်းကူးတဲ့လူကလည်း နည်းသလောက်ရှိနေပြီ” ဟု ကနီမြို့နယ်အတွင်းရှိ စက်လှေပိုင်ရှင်အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ချင်းတွင်းမြစ်၏ အနောက်ဘက်၌ မုဌောကျေးရွာ မြစ်ဆိပ် တည်ရှိကာ မြစ်အရှေ့ဘက်၌ နတ်ကြီးကျေးရွာ မြစ်ဆိပ် တည်ရှိနေပြီး အဆိုပါ မြစ်ဆိပ်များကို တော်လှန်ရေးတပ်ဖွဲ့များအသုံးပြုသည်ဟု ထင်မြင်ချက်များဖြင့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။
“မြစ်ဆိပ်တွေ အကြဲခံရပြီး သေကြတာတွေလည်းရှိတယ်။ ဒေသခံတွေကြားထဲမှာလည်း ဒရုန်းဝဲလို့ ပိတ်တာဆိုပြီးလည်း ကောလာဟလတွေလည်း များတယ်။ အရေးအကြောင်းရှိမှဘဲ ကူးကြတာ များတယ်။ မြစ်ကူးပြီဆိုရင်လည်း နမခကနေ ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေ တက်လာမှာ ကြောက်နေရတာ” ဟု ကနီမြို့နယ်အတွင်း နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ကနီမြို့နယ်အတွင်း၌ ဓာတ်ဆီတစ်ဂါလံလျှင် ကျပ်နှစ်သောင်းကျော်ထိ မြင့်တက်နေသည့်အတွက် စက်လှေမောင်းနှင်ရာတွင်လည်း တွက်ချေကိုက်သည့်နေ့မှာ တစ်လလျှင် ဆယ်ရက်ခန့်သာရှိနေကြောင်း သိရသည်။
“စက်လှေဆိပ်တွေက ဗုံးကြဲခံရတာ များလာတော့ ဒေသခံတွေကလည်း သိပ်မကူးရဲကြတော့ဘူး။ မြစ်ကမ်းဘေးက မုဌော၊ နတ်ကြီးလိုရွာတွေဆိုလည်း ရွာပျက်ကြီးတွေလို ဖြစ်နေတာ။ စက်လှေကူးခကလည်း ဆိုင်ကယ်တစ်စီး ၃၀၀၀ ကို များနေပြီလေ။ လူတစ်ယောက်ကို တစ်ထောင်ယူတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ကနီမြို့နယ်သည် စစ်ကော်မရှင်၏ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) နှင့် မိုင် ၄၀ ဝန်းကျင် အကွာအဝေး၌ တည်ရှိနေသဖြင့် အဆိုပါမြို့နယ်ရှိ ကျေးရွာများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြု နေထိုင်ကြရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ကနီမြို့နယ်၊ မုဌောကျေးရွာအနီးရှိ ချင်းတွင်းမြစ် ဆိပ်ကမ်းတစ်နေရာကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆိပ်ကမ်းအနီးရှိ မော်တော်အချို့နှင့် ကားများ ပျက်စီးခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်တွင်လည်း စစ်ကော်မရှင်တပ်က ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးမှုများ ရှိခဲ့သေးသည်။
