ထိုင်းနှင့် မလေးရှား နယ်စပ်အနီး ခိုးဝင်လာသူများ၏ လှေတစ်စင်း နစ်မြုပ်ပြီး လူပေါင်း ရာနှင့်ချီ ပျောက်ဆုံးနေ

ဓာတ်ပုံ- REUTERS
ပုံစာ - မလေးရှားနိုင်ငံ လန်ကာဝီ ကမ်းလွန်ပင်လယ်ပြင်တွင် Malaysian Maritime Enforcement Agency အဖွဲ့က ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်စဉ်

မလေးရှားနိုင်ငံအတွင်းသို့ ခိုးဝင်လာသော လှေတစ်စင်းသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အနီး နစ်မြုပ်ပြီးနောက် လူရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်းနှင့် အသက်ရှင်ကျန်သူ ၁၀ ဦးနှင့် အလောင်းတစ်လောင်းကို ယနေ့နိုဝင်ဘာ ၉ ရက် နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မလေးရှား ရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

မလေးရှားသို့ ထွက်ခွာလာသူများသည် မူလက သင်္ဘောကြီးတစ်စင်းပေါ်တွင် လူ ၃၀၀ လိုက်ပါလာခဲ့သော်လည်း နယ်စပ်သို့ ချဉ်းကပ်လာချိန်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ရှောင်ရှားရန်အတွက် လူ ၁၀၀စီခန့် တင်ဆောင်ထားသည့် လှေငယ် သုံးစင်းပေါ်သို့ ပြောင်းရွှေ့စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှေသည် မြန်မာနိုင်ငံ ဘူးသီးတောင်မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော ၃ ရက်က နစ်မြုပ်ခဲ့ခြင်းဖြစ်ကာ ပင်လယ်ပြင်တွင် နောက်ထပ် လူများကို ထပ်မံရှာဖွေတွေ့ရှိနိုင်သေးကြောင်း မလေးရှားနိုင်ငံ မြောက်ပိုင်း ကီဒါနှင့် ပါလစ်ပြည်နယ်များရှိ ရေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ပထမရေတပ်ဗိုလ်ချုပ်ကြီး ရွန်မ်လီ မူစတာဖာက ပြောကြားသည်။

လန်ကာဝီ ကမ်းလွန်ပင်လယ်ပြင်တွင် တွေ့ရှိရသော အသက်ရှင်ကျန်သူများအနက် မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသား တစ်ဦးတို့ ပါဝင်ကြောင်းနှင့် တွေ့ရှိရသည့် အလောင်းမှာ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး၏ အလောင်းဖြစ်ကြောင်း ကီဒါပြည်နယ် ရဲချုပ် အဒ်ဇလီ အဘူရှား၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှားနိုင်ငံပိုင် မီဒီယာ Bernama က ဖော်ပြထားသည်။

ကျန်လှေနှစ်စင်း၏ အခြေအနေကို မသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။