စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း က အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသက်သက်ဖြစ်ပြီး မည်သည့် နိုင်ငံခြားစွက်ဖက်မှုကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ယမန်နေ့(နိုဝင်ဘာ ၁၀ရက်)က စစ်ကော်မရှင် ဝါဒဖြန့် သတင်းဌာနတွင် ပြောကြားထားသည်။
၎င်း၏ ပြောကြားချက်တွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ အချုပ်အခြာအာဏာသည် မြန်မာနိုင်ငံသားများထံ၌သာ ရှိသည်ကို အဓိကထား အလေးပေးဖော်ပြခဲ့သည်။
“ကိုယ့်နိုင်ငံ၊ ကိုယ့်သမိုင်းကြောင်းနဲ့အညီ ဆောင်ရွက်ကြရတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက်၊ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေရဲ့ အရေး သက်သက်သာ ဖြစ်တယ်” ဟု ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ဝေဖန်ကန့်ကွက်မှုများကို လျစ်လျူရှု့ပြီး တိုင်းတစ်ပါးနိုင်ငံများ၏ ဩဇာအာဏာနှင့် မည်သည့် ဝင်ရောက်စွက်ဖက်မှုများကမှ ရွေးကောက်ပွဲကို ပျက်ပြားအောင် မပြုလုပ်နိုင်ဟု ဇော်မင်းထွန်းက စိန်ခေါ် စကားဆိုခဲ့သည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင်ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကပဲ အသိအမှတ်ပြု ဆုံးဖြတ်ရပါမယ်။ ဒါဆိုရင် လုံလောက်နေပြီဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက အရှက်တရားမဲ့စွာ ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ရွေးကောက်ပွဲကို အခက်အခဲများကြားမှ ဆက်လက်ကျင်းပနိုင်ရန် ကြိုးပမ်းနေပြီး၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုမရရှိသည့်တိုင် ပြည်တွင်းမှ မဲပေးသူများ၏ ဆုံးဖြတ်ချက်သာ အဓိကဖြစ်ကြောင်း အလေးပေး ပြောဆိုခြင်းဖြစ်သည်။
ဤပြောဆိုချက်များသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် မူအရ မှန်ကန်နိုင်သော်လည်း၊ လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများ၏ ရှုပ်ထွေးသော အခြေအနေအရ ကြည့်လျှင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ စကားများကို လက်တွေ့အခြေအနေက ပြန်လည်စိန်ခေါ်နေသည် ကို တွေ့ရကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
“ဇော်မင်းထွန်းက အတုအယောင်ရွေးကောက်ပွဲကို ပြည်တွင်းရေးအဖြစ် တံဆိပ်ကပ်တယ်။ ဒါပေမဲ့ စစ်တပ်က သူတို့အာဏာတည်မြဲဖို့ ရုရှားနဲ့ တရုတ်အကူအညီယူနေတာအသိသာကြီးလေ၊ အခု အတုအယောင်ရွေးကောက်ပွဲကိုလည်း တရုတ်က အများကြီးကူညီထားတာ၊ ရှက်ကြောမရှိတဲ့ကောင်တွေ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲကို ပြည်တွင်းရေးအဖြစ် တံဆိပ်ကပ်သော်လည်း၊ လက်ရှိ စစ်ကောင်စီ၏ အာဏာတည်မြဲရေးသည် ပြည်တွင်းခွန်အားထက် နိုင်ငံတကာ၏ စစ်ရေး၊ စီးပွားရေးနှင့် နည်းပညာ အကူအညီများ ပေါ်တွင် ပိုမိုမှီခိုနေသည်ကို မြေပြင်အခြေအနေများက ပြသနေသည်။
ဇော်မင်းထွန်း၏ “မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင်ခွင့်ရှိတယ်” ဆိုသော ကြွေးကြော်သံသည် စိတ်ခံစားမှုအရ လှပသော်လည်း၊ လက်ရှိ ရွေးကောက်ပွဲကို ဆုံးဖြတ်ပေးမည့် “နိုင်ငံသားများ” ဆိုသည်မှာ မည်သူများကို ကိုယ်စားပြုနိုင်သလဲဟူသော မေးခွန်းလည်းရှိနေသည်။
“တစ်နိုင်ငံလုံးနီးပါးစစ်ဖြစ်နေတာ၊ သူတို့စိုးမိုးတဲ့ နယ်မြေမှာဘဲ လုပ်မဲ့ရွေးကောက်ပွဲ၊ ဓားမိုးထားတဲ့ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတွေအတွက် ဆိုပြီး ပြောနေတဲ့ စစ်တပ်ကကောင်တွေကို ဘယ်လိုပြောရမယ်မသိတော့ဘူး။ သူတို့အာဏာတည်မြဲဖို့ သူတို့တွေ နိုင်ငံရေးထွက်ပေါက်ရဖို့လုပ်နေတာ ဘယ်သူမှ လက်မခံတဲ့ရွေးကောက်ပွဲကြီး” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၀အရွယ် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ပြည်သူ သန်းနှင့်ချီ သည် စစ်ရေးပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေရချိန်၊ နိုင်ငံ၏ နယ်မြေ ထက်ဝက်ခန့် တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး၊ နိုင်ငံရေးပါတီများနှင့် အတိုက်အခံများ လွတ်လပ်စွာ လှုပ်ရှားခွင့်မရဘဲ လုံခြုံမှုမရှိသည့်ကြားမှ ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည်။
ထိုအခြေအနေအောက်တွင် မဲပေးနိုင်သည့် လူပုဂ္ဂိုလ်များကိုသာ တရားဝင် နိုင်ငံသားများအဖြစ် အသိအမှတ်ပြု ဆုံးဖြတ်ခိုင်းခြင်း သည် နိုင်ငံသားအားလုံး၏ ဆန္ဒနှင့် ကိုယ်စားပြုမှုကို မည်သို့မျှ အမှန်တကယ် ဖော်ပြနိုင်မည်မဟုတ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
တိုင်းရင်းသားဒေသများနှင့် အဓိက တော်လှန်ရေး အင်အားစုများ ပါဝင်ခွင့်မရသည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်သည် တိုင်းပြည်၏ အနာဂတ်ကို ကိုယ်စားပြုသည့် ဆုံးဖြတ်ချက်အစစ်အမှန် ဖြစ်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထောက်ပြကြသည်။
