ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီထွက်ပြေးနေရ

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - တိုက်ပွဲကြောင့် နယ်စပ်တွင် တိမ်းရှောင်နေရသည့် မောတောင်မြို့ခံများ

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းမှ ပစ်ကူပေးနေသည့်အတွက် ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း မြို့ခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်အုပ်စုထိန်းချုပ်ထားသည့် မောတောင်မြို့တွင် တော်လှန်ရေးတပ်နှင့် စစ်ကော်မရှင်တပ်တို့ နိုဝင်ဘာလ ၁၀ ရက် တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အထိနာနေသည့် စစ်အုပ်စုသည် နိုဝင်ဘာလ ၁၂ ရက်တွင် လေယာဉ်စစ်ကူခေါ်ပြီး မြို့တွင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ ဒီကောင်(စစ်အုပ်စု)နဲ့ အရင်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ၊ ဒီကောင်တွေ တောက်လျှောက် လက်နက်ကြီး ပစ်တာ အထိနာတော့ ပုံမှန်အတိုင်း လေယာဉ်စစ်ကူခေါ်တာပဲပေါ့” ဟု ယင်းနယ်မြေတွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။

အသေးစိတ်ကို ဖြေဆိုရန် ငြင်းဆန်ခဲ့သော်လည်း မြို့ပြင်အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာလ ၁၂ ရက် မနက် ၉ နာရီခွဲခန့်နှင့် မွန်းလွဲ ၁ နာရီတို့တွင် စစ်အုပ်စုသည် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက် ခဲ့ပြီး အရပ်သား ၁ ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြောင့် ဒေသခံထောင်ချီသည် ဘေးလွတ်ရာ တောတောင်များနှင့် ထိုင်း-မြန်မာနယ်စပ် မောတောင်-ဆင်ခွန်းနယ်စပ်တွင် တိမ်းရှောင်နေရသည်။

“ ၁၀ ရက်နေ့ကတည်းက ရွာကနေ ပြေးနေကြတာ ရှိတယ်၊ ဘာလို့ဆိုတော့ အရင်နေ့က လက်နက်ကြီးတွေ ပစ်နေတာလေ ဒီနေ့ကတော့ ပိုများလာတယ်၊ ပြီးတော့ မြို့ထဲကို ပစ်နေကြတော့ မြို့မှာ မီးလောင်နေတာ ရှိတယ်၊ ဈေးဘက်လေ၊ လူတွေလည်း ထိခိုက်သေဆုံးကြတယ်” ဟု စစ်ဘေးရှောင်ကူညီ ပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိ စစ်အုပ်စု၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး မြို့တွင်း နေရာများတွင် အဆောက်အအုံ မီးလောင်ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မောတောင်မြို့အတွင်း ပိတ်မိနေကြသည့် အရပ်သားများနှင့် တောတောင်များတွင် တိမ်းရှောင်နေရ သော အရပ်သားများအတွက် အကူအညီများစွာလိုအပ်နေသည်။

“ကျတော်တို့ နယ်စပ်မှာ ပိတ်မိနေသူတွေကို ထမင်းထုတ် သွားပို့တယ်၊ ဒါပေမဲ့ ထိုင်းစစ်တပ်က ပစ္စည်းတွေ ထားခဲ့ခိုင်းတယ်၊ သူတို့ မပေးဝင်ဘူး၊ သူတို့ ပို့ပေးတယ်၊ ဒီဘက်က လိုအပ်တာတော့ နေထိုင်ဖို့နဲ့ စားဖို့ပေါ့၊ ဒီဘက်တော့ ပေးလို့ရနေတယ်၊ အထဲမှာ ပိတ်မိနေသူတွေက ရာချီရှိသေးတယ်၊ သူတို့က ဒုက္ခပိုရောက်နေတာ” ဟု အထက်ပါစစ်ရှောင်ကူညီပေးနေသူက ပြောသည်။

KNU တပ်မဟာ – ၄ မြိတ်-ထားဝယ်ခရိုင်အတွင်း တည်ရှိသည့် မောတောင်မြို့သည် စစ်ကော်မရှင်တပ်က အပြည့်အဝထိန်းချုပ်ထားပြီး ယင်းမြို့ကို သိမ်းပိုက်နိုင်ရေး ကရင်တော်လှန်ရေးပူးပေါင်းတပ်များက မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိသည်။

“ဒီမောတောင်မှာ စစ်တပ် လုံးဝကို ထိန်းထားတာ၊ ပြောရရင် အဲဒီတစ်လျှောက်လုံးမှာ သူတို့လက်လွှတ်ထားရတာ များတယ်လေ၊ ဒီမြို့ ထပ်ပြီး မပါသွားဖို့က သူတို့အစွမ်းကုန် ကာကွယ်နေတာပဲ၊ အခုသိထားတာ တော်လှန်ရေးတပ်တွေ သူတို့ရှိရာကို ဝင်တိုက်တဲ့ပုံစံပေါ့နော်၊ သူတို့အင်အားများတယ်၊ ပြည်သူ့စစ်တွေကအစ အားဖြည့်ထားတယ်” ဟု စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီနယ်စပ် နတ်အိမ်တောင်စခန်းကလွဲပြီး ကျန်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ထားဝယ်-ထီးခီးနယ်စပ်လမ်းပိုင်း အချို့ကိုလည်း စိုးမိုးမှု ရယူထားသည်။

KNU တပ်မဟာ – ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာကို MPA ဆက်သွယ် မေးမြန်းခဲ့ရာတွင် တိုက်ပွဲနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်ကို မသိရှိသေးကြောင်း တုံ့ပြန်သည်။