မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မာလဲရွာတွင် စစ်ရှောင်ပြည်သူများ နေထိုင်ရာ စာသင်ကျောင်းပေါ်သို့ စစ်တပ်ဗုံးကြဲ သဖြင့် ပြည်သူများ သေဆုံးမှုအား စစ်တပ်လော်ဘီများက PDF များဟူ၍ သတင်းအတု ဖြန့်ဝေနေကြသည်။
စစ်တပ်လော်ဘီ “နေပြည်တော်”အမည်ရှိ တယ်လီဂရမ်ချန်နယ်က ၂၀၂၅ နိုဝင်ဘာ ၁၂ရက် ညပိုင်းတွင် စဉ့်ကူးမြို့ နယ် မာလဲရွာ PDF စခန်းကို ဗုံးကြဲသဖြင့် PDF ငါးဦး ပွဲချင်းပြီး သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိ ကြောင်း ရေးသား၍ ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအတု ဖြန့်ဝေထားသောလင့်ခ် – https://archive.ph/vs03G
အဆိုပါ သတင်းအတုကို အခြားသော စစ်တပ်လော်ဘီချန်နယ်များစွာက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များ ပြားနေသည်။
သတင်းအတုလင့်ခ်များ
အဖိုးလေး – https://archive.ph/laSKn
U Nay Win – https://archive.ph/U023K
စွမ်းအားရှင် – https://archive.ph/5rFaG
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော သတင်းကို အချက်အလက်စစ်ဆေးကြည့်ရာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖန်တီးထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
စစ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံများကို Google lens ဖြင့် ရှာဖွေကြည့်ရာ Mizzima နှင့် ရွှေဖီမြေ သတင်းဌာနက သတင်းဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
အဆိုပါ သတင်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားသော သတင်းတွင် ၂၀၂၅ နိုဝင်ဘာ ၁၂ရက် ညနေ ၅နာရီတွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မာလဲ ကျေးရွာတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် စစ်ရှောင် ၅ ဦး သေဆုံးခဲ့ကြောင်း ရေးသားထားသည်။
Mizzima – https://bitly.cx/m3baJ
ရွှေဖီမြေ – https://bitly.cx/y3s4u
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “စဉ့်ကူး မာလဲရွာ ဗုံးကြဲခံရ”ဆိုသည့် စာသားဖြင့် ရှာဖွေရာ DVB, Western News, Red Peacock မီဒီယာတို့က သတင်းရေးသားထားကြသည်။
သတင်းမီဒီယာများတွင် နိုဝင်ဘာလ ၁၂ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မာလဲကျေးရွာ ရှိ စစ်ဘေးရှောင်များနေထိုင်ရာစာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ငါးဦး သေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တံတားဦးမှ တက်လာ သည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးဒဏ်ကြောင့် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်း ဆောင်နှင့် နေအိမ်အချို့ ပြိုကျပျက်ဆီးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ်များ
DVB – https://bitly.cx/73oB
Western News – https://bitly.cx/wov9X
Red Peacock – https://bitly.cx/kPXNp
ဓာတ်ပုံများကို အချက်အလက်စစ်ဆေးခြင်းနှင့် သတင်းမီဒီယာများ၏ ဖော်ပြမှုများအရ စဉ့်ကူးမြို့နယ် မာလဲရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ဗုံးဒဏ်ကြောင့် ပြည်သူ ငါးဦး သေဆုံး၍ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက “ PDF စခန်းကို ဗုံးကြဲရှင်းလင်း” ဟု ရေးသားထားမှုသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖြန့်ဝေထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
