ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် Onlineအသုံးပြု၍ မြို့နယ်ပုံရိပ်ကျဆင်းစေရန် ရေးသားပြောဆိုသူများကို အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ၁၅ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့နယ် တစ်နေရာတွင်ပြုလုပ်သည့် မင်္ဂလာပွဲတစ်ခုအား စစ်ကော်မရှင်က အောက်တိုဘာ ၂၄ရက်နေ့တွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲမေတစ်ဦးအပါအဝင် သုံးဦးသေဆုံး၍ ပြည်သူ(၁၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ကျဆုံးရဲမေ၏နာရေးတွင် သောက်စားမူးယစ်ထားသော ရဲဘော်တစ်ဦးမှ စည်းကမ်းမဲ့စွာ သေနတ်ပစ်ခတ်မှုကြောင့် နာရေးလာသည့် ပြည်သူ(၂)ဦး ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်သေဆုံးသူနှစ်ဦးအား အချို့သောမီဒီယာများနှင့် လူပုဂ္ဂိုလ်များက သတင်းပေးဒလန်ရှင်းလင်းသည်ဟု မြို့နယ်ပုံရိပ်ကျဆင်းစေရန် ရေးသားဖော်ပြခဲ့ကြပြီး ထိုသို့ရေးသားဖြန့်ဝေနေသူများအား ချင်းအက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လက်ရှိကျင့်သုံးနေသည့် ကြားကာလCharterတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” ကျူးလွန်တဲ့နေ့မှာပဲ (ကျူးလွန်သူရဲဘော်ကို)တစ်ခါတည်း ဖမ်းဆီးထားပြီး အရပ်ဖက်တရားစီရင်ရေးနှင့်သွားနိုင်ဖို့အတွက် ပြည်သူ့ရဲတပ်ဖွဲ့နှင့်အရပ်ဖက်တရာရေးကို လွှဲထားကြပါတယ်ဗျ”ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက MPAကိုပြောသည်။
ပြစ်မှုကျူးလွန်သူရဲဘော်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိသာ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)တပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်မဟုတ်ဘဲ ရဲဘော်ဟောင်းတစ်ဦးသာဖြစ်ကြောင်း CDF(ကန်ပက်လက်)က နိုဝင်ဘာ(၁၅)ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကန်ပက်လက်မြို့နယ်တွင် အရက်သေစာရောင်းချခွင့်ကို ပိတ်ပင်ထားပြီး ရဲဘော်(ဟောင်း)တစ်ဦးက မူးယစ်သောက်စား၍ ယခုလိုပြစ်မှုကျူးလွန်ခဲ့သည့်အပေါ် လူမှုကွန်ယက်စာမျက်နှာများတွင် အမျိုးမျိုးဝေဖန်မှုများလည်းရှိခဲ့သည်။
” ကန်ပက်လက်နဲ့ မကွေးတိုင်းဆောမြို့က ဆိုင်ကယ်စီးရင် ၄၅ မိနစ်ပဲအကွားဝေးရှိပါတယ်။ ဆောဘက်ကနေသောက်ပြီးတက်လာကြတာပါ။ ဖြစ်တဲ့နေ့မှာလည်း ကျူးလွန်တဲ့သူက ဆောကနေသောက်ပြီး ပြန်လာတာဖြစ်တယ်ဗျ “ဟု အထက်ပါ ပအဖတာဝန်ရှိသူက ပြောသည်။
အောက်တိုဘာလအတွင်းက ဖြစ်ပျက်ခဲ့သောဖြစ်စဥ်တစ်ခုအား နိုဝင်ဘာလလယ်ပိုင်းမှ စစ်ရေးနှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည့်အပေါ် ပြည်သူများ၏ ဝေဖန်မှုများလည်းရှိနေသည်။
” ဘာအကြောင်းရှိလို့ ထုတ်ကြတာလဲမသိ။ မထုတ်ပြန်လည်း ရတဲ့အရာလို့မြင်မိ။ CDFထုတ်ပြန်တာက မှန်တယ်။ ပြည်သူအုပ်ချုပ်ရေးက ထုတ်ပြန်တာက သိပ်သဘောမတွေ့။ အမှားတစ်ခု ပြန်ဖာကြသလိုဖြစ်နေတယ် အရေးအသားက”ဟု ကန်ပက်လက်ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
CDF(ကန်ပက်လက်)၏ ထုတ်ပြန်ချက်တွင် အချို့သောသတင်းမီဒီယာများရေးသားဖော်ပြသကဲ့သို့ ထိခိုက်သေဆုံးသူနှစ်ဦးမှာ သတင်းပေးဒလန်များမဟုတ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်းကျဆုံးသူများနှင့် နောက်ဆက်တွဲဖြစ်စဥ်အတွင်း ထိခိုက်သေဆုံးသူပြည်သူ၂ဦးအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ထိခိုက်သေဆုံးသူပြည်သူ၂ဦးအတွက် တရားမျှတမှုရရှိစေရန် သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
