အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် အတုအယောင်ရွေးကောက်ပွဲကို သာမန်မဟုတ်ဘူးဟု ဦးကိုကိုကြီး အမွှန်းတင်

ဓာတ်ပုံ - MRTV
ပုံစာ - ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး မြန်မာ့အသံမှတဆင့် မဲဆွယ်စည်းရုံး မိန့်ခွန်းပြောကြားစဉ်

စစ်အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် အတုအယောင်ရွေးကောက်ပွဲကို သာမန်မဟုတ်ဘူးဟု ဦးကိုကိုကြီးက အမွှန်းတင် ပြောကြားခဲ့သည်။

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၈ရက်တွင် စတင်ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် သာမန်အခြေအနေများတွင် ကျင်းပကြသည့် ရွေးကောက်ပွဲများနှင့် မတူညီကြောင်း နိုဝင်ဘာ ၁၇ရက်၊ ညပိုင်းက စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့အသံမှ မဲဆွယ်စည်းရုံး မိန့်ခွန်းပြောကြားစဉ်တွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သာမန်ရွေးကောက်ပွဲဟု ဦးကိုကိုကြီးက သုံးနှုန်းခဲ့ခြင်းအပေါ် ” ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေဟာလည်း ကာလအလိုက် အရေးကြီးခဲ့ပြီး၊ ရွေးကောက်ပွဲတိုင်းမှာ ပါဝင်မဲပေးခဲ့ကြတဲ့ သာမန်ပြည်သူတွေရဲ့ အခန်းကဏ္ဍကို တန်ဖိုးချလိုက်သလို ဖြစ်နေတယ် ” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက ဆိုသည်။

သို့သော် နိုင်ငံရေးလေ့လာသုံးသပ်သူများက ယခင်ရွေးကောက်ပွဲများကို အရေးမကြီးကြောင်း ပြောလိုခြင်းမဟုတ်ပဲ နိုင်ငံ၏ အကျပ်အတည်းကာလတွင် ကျင်းပမည့် ‌ရွေးကောက်ပွဲ၏ အကျိုးဆက်သည် ပိုမိုကြီးမားနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

” ဒီရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာတော့ တော်တော်များများ စောင့်ကြည့်နေကြတဲ့အနေအထားပါ။ စစ်တပ်က နိုင်ငံရေးအရ ဘယ်လို ကစားမလဲ‌။ မီးစာရော၊ ရေရော ကိုင်ထားတဲ့အနေအထားကိုး။ ကိုကိုကြီးကတော့ အိမ်ဖြည့်သာသာပဲ။ သူ ဘာပြောပြော ဘယ်လိုမဲဆွယ်မဲဆွယ် လက်တွေ့မှာ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ” ဟု ၂၁ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPA ကို ပြောသည်။

ပြည်သူများ စိုးရိမ်နေကြရသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန်လည်း ကြီးကြပ်သွားမည်ဟု ဦးကိုကိုကြီးက‌ ပြောသည်။

” နားထောင်လို့တော့ကောင်းပါတယ်။ ကျတော်တို့အတွေးကျ ဒီအဘိုးကြီး အရူးချီးပန်းလျှောက်ပြောနေတယ်ပဲ ခံစားရတယ်။ စစ်မှုထမ်းဥပဒေကိုရော၊ ရွေးကောက်ပွဲကိုရော စစ်တပ်ကပဲလုပ်တာ။ စစ်တပ်ရဲ့ တပ်အင်အားကိုလည်း ဒီဥပဒေကပဲ ကျားကန်ပေးထားတဲ့အခြေအနေမှာ ဒီအင်အားကို ထိပါးစေမဲ့အလုပ်ကို လုပ်ခွင့်ပေးပါ့မလား ဆိုတာ စဉ်းစားစရာတောင် မလိုဘူး။ ဒီတိုင်းနားထောင်ရင်တော့ လွယ်လွယ်နဲ့နားယောင်စေနိုင်တဲ့ စကားတွေပဲဗျ။ ” ဟု စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးလာရသည့် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

ပြည်သူ့ပါတီအနေဖြင့် ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ပြန် လည်တည်ဆောက်ရေးကို အဓိက ဦးစားပေးဆောင်ရွက်သွားမည်ဟု ကိုကိုကြီးက မဲဆွယ်ထားသည်။

စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့ တရားဝင်ဖြစ်စေရေးနှင့် အာဏာရှင်စနစ်ကို အသက်သွင်းခြင်းသာဖြစ်သောကြောင့် ဒေသတွင်းနိုင်ငံများနှင့် အနောက်နိုင်ငံများက အသိအမှတ်မပြုထားသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများကလည်း ကန့်ကွက်ထားသည်။