ရွေးကောက်ပွဲအတွက် တက်ကြွနေသော လှည်းကူး အုပ်ကြီးရုံးကို ပြင်းအားမြင့်မိုင်းဖြင့် ပုံစံပေး

ဓာတ်ပုံ-လှည်းကူးမြို့ ဖေ့စ်ဘွတ်ခ်ပေ့ချ်
ပုံစာ-လှည်းကူးမြို့ကို အပေါ်စီးမှ မြင်ရပုံ

ရွေးကောက်ပွဲအတွက် တက်တက်ကြွကြွ လှုပ်ရှားနေသော လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း၂လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ယောက်အား တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ် ၊ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပျူစောထီးများ စုရုံးရောက်ရှိနေချိန်၌ မိုင်းခွဲခဲ့ရာ ပျူနှစ်ဦး ထိမှန်သည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း Yangon Army(YA)က နိုဝင်ဘာ ၁၈ ရက် ညပိုင်း၌ သတင်းထုတ်ပြန် ထားသည်။

“အရပ်ဝတ်တွေချည်းပဲ။ ရဲခွေးလည်း ပါချင်ပါမှာပေါ့။ ပျူတွေတော့ ကျိန်းသေပါတယ်။ ၁၀ယောက် ဝန်းကျင်လောက်ရှိမယ်။ နှစ်ယောက်တော့ တိုက်ရိုက်ထိတာတွေ့တယ်။ ကျန်တဲ့ ခွေးတွေကတော့ ပြေးတာမှုန်နေတာပဲ”ဟု Yangon Army(YA)မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

မိုင်း တိုက်ရိုက်ထိမှန်ခဲ့သည့် ပျူ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်ကြောင်း သိရသည်။

ဇရပ်ကွင်းရပ်ကွက် အုပ်ကြီးနှင့် နောက်လိုက်များသည် ပြည်သူများကို ရွေးကောက်ပွဲ မဲဆွယ်ပွဲများတက်ရန်နှင့် မဲပေးရန် ဖိအားပေးနေပြီး လူငယ်များအား ပေါ်တာဆွဲခြင်းများလည်း လုပ်လေ့ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်ကလည်း လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို Yangon Army နှင့် ရန်ကုန်အနောင်ပိုင်းခရိုင် ပကဖတို့က ပြင်းအားမြင့် မိုင်းတစ်လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ပျူစောထီးများ ထိခိုက်မှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။