ကမ္ဘောဒီးယားတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျ၍ ၁၃ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - The Phnom Penh Post

ကမ္ဘောဒီးယားနိုင်ငံ စီယမ်ရီယိမှ ဖနွမ်းပင် မြို့တော်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် ကမ်ပုန်ထောင်မ် ပြည်နယ်ရှိ တံတားပေါ်မှ မြစ်အတွင်းသို့ ထိုးကျသွားခဲ့ရာ သေဆုံးသူ ၁၃ ဦး၏ ရုပ်အလောင်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီ တွင် ဆယ်ယူရရှိခဲ့သည်။

လူ ၂၀ ကျော်ကို ရေထဲမှ ဆွဲထုတ်နိုင်ခဲ့သော်လည်း ၁၀ ဦးကျော်မှာ ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“အဲဒီဘတ်စ်ကားက စီယမ်ရီယိကနေကို သွားတဲ့လမ်းမှာ ရေထဲကျသွားတာကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ၁၃ ဦးစလုံးဟာ ဘတ်စ်ကားထဲမှာပဲ သေဆုံးခဲ့တာပါ” ဟု ဆန်ဒန် ခရိုင် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယာဉ်မောင်း အိပ်ပျော်သွားခြင်းကြောင့် ဘတ်စ်ကားသည် တံတားတိုင်ကို ဝင်တိုက်ကာ ရေထဲသို့ ထိုးကျသွားခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ယူဆထားသည်။

“အခြားတစ်ခုနဲ့လည်း တိုက်မိတာမျိုး မရှိပါဘူး။ အခင်းဖြစ်ပွားရာ နေရာက ရဲတွေရဲ့ ကောက်ချက်အရ ယာဉ်မောင်း အိပ်ပျော်သွားတာ ဖြစ်နိုင်ပြီး ညာဘက်ခြမ်းက တံတားဘောင်ကို တိုက်မိကာ ရေထဲ ကျသွားတာပါပဲ” ဟု တာဝန်ရှိသူများက ဆိုသည်။

“အဲဒီနေရာက ရေအနက်က ၅ မီတာလောက် ရှိပါတယ်။ ဘတ်စ်ကားကို ရေထဲကနေ ဆွဲတင်လိုက်တဲ့အခါ အထဲမှာ ရုပ်အလောင်းတွေ ပါနေတာ တွေ့ရတယ်။ အရမ်းကို စိတ်မကောင်းစရာပါပဲ” ဟု ပြောသည်။