ပြည်သူ့နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY PDF က ၎င်းတို့ တပ်ဖွဲ့၏ ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်းများ တရားမဝင် ထုတ်ယူသွားမှုဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ယနေ့( နိုဝင်ဘာလ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။
အရေးယူခံရသူများမှာ MDY PDF ၏ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ၎င်းတို့နှစ်ဦးသည် ကာလတန်ဖိုးကြီးမားသော တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့သည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ပြုလုပ်ခဲ့သော ဗဟိုဦးဆောင်ကော်မတီအစည်းအဝေး၌ ၎င်းတို့ကိုယ်တိုင် ပါဝင်တက်ရောက်ကာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး၊ ပစ္စည်းများ ပြန်လည်အပ်နှံကာ ပြစ်ဒဏ်ခံယူမည်ဟု ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ဤဆုံးဖြတ်ချက်ကို စက်တင်ဘာလ (၆) လပတ် တပ်မှူးများ စုံညီအစည်းအဝေးတွင်လည်း ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်ဟု MDY PDF က ထုတ်ပြန်ထားသည်။
ထို့ပြင် တော်လှန်ရေးအခြေအနေအရနှင့် ၎င်းတို့နှစ်ဦး၏ မေတ္တာရပ်ခံချက်အရ အဆိုပါကာလက ပြစ်ဒဏ်များကို လက်တွေ့ချမှတ်ခြင်းမပြုဘဲ ယာယီဆိုင်းငံ့ခဲ့သည်။
သို့သော်လည်း ၎င်းတို့သည် ယခုအချိန်အထိ ဘဏ္ဍာပစ္စည်းများကို တပ်ထံ ပြန်လည်အပ်နှံခြင်းမရှိသည့်အပြင် မည်သို့မျှ ဖြေရှင်းမှုမရှိခဲ့သောကြောင့် သာမန်စည်းကမ်းချိုးဖောက်မှုအဆင့်မှ ကြီးမားသည့် ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားပြီဟု MDY PDF က ဆိုသည်။
အထက်ပါကိစ္စရပ်များကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်က ၎င်းတို့နှစ်ဦးလုံးကို တပ်၏ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းပြီး အချုပ်ဖြင့် ထိန်းသိမ်းထားမှုများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ တပ်ဖွဲ့ဝင်နှစ်ဦး၏ ပြစ်မှုသဘောသဘာဝအရ သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် မသင့်တော်သောကြောင့် အမှုတွဲဖြစ်စဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်သို့ လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်နိုင်ရန်အတွက် သတင်းပို့ တင်ပြထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
MDY PDF သည် တပ်တွင်းစည်းကမ်းထိန်းသိမ်းမှုများကို အများပြည်သူသို့ ထုတ်ပြန်လေ့မရှိသော်လည်း၊ ယခုဖြစ်စဉ်ကြောင့် တော်လှန်ရေးအကျိုးကို ထိခိုက်စေမည့် သတင်းအချက်အလက် အလွဲအမှားများနှင့် ကောလဟာလများ ပေါ်ပေါက်လာမည့် အရိပ်အယောင်များကြောင့် တော်လှန်ရေးအကျိုးကို ရှေးရှုကာ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။
ယခုကဲ့သို့ ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်စေမည့် သတင်းမျိုး ပေါ်ပေါက်စေသည့်အတွက်လည်း MDY PDF က ပြည်သူလူထုကို အထူး တောင်းပန်ကြောင်း ဖော်ပြထားသည်။
MDY PDF အနေဖြင့် နောင်တွင်လည်း တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူခြင်း” ကို ပိုမို အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အန္တိမပန်းတိုင်အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
