အုတ်တွင်းတွင် မင်္ဂလာဆောင်အိမ်ကို စစ်တပ် ဗုံးချ၊ ၁၆နှစ်သမီး သေဆုံးပြီး အမြွှာညီအစ်မ ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သရက်တောကျေးရွာရှိ မင်္ဂလာဆောင်အိမ်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့‌ရာ ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးကာ အမြွှာညီအစ်မ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ( နိုဝင်ဘာ ၂၁ ရက် ) နံနက် ၉နာရီ မိနစ်၄၀ခန့်တွင် သရက်တောကျေးရွာရှိ မင်္ဂလာဆောင်အိမ်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး တစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ မင်္ဂလာဆောင်အိမ်၏ ဘေးအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

” မင်္ဂလာဆောင်ကို လာကြဲတာ။ ဒါပေမဲ့ ဘေးအိမ်ကို ကျသွားတာ။ ၁၆နှစ်အရွယ် ကောင်မလေး တစ်ဦး သေဆုံးပြီး ၁၀ နှစ် အရွယ် ကလေးနှစ်ဦး ဒဏ်ရာရရှိပါတယ်။ ထိတာက မျက်နှာတို့ ၊ကျောဘက်၊ ခြေလက်တွေမှာ ဒဏ်ရာရတာ။ သုံးယောက်စလုံး ညီအစ်မအရင်းတွေပါ။ အငယ်လေးနှစ်ယောက်က အမြွှာတွေ ” ဟု အုတ်တွင်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

သေဆုံးသူမှာ သရက်တောရွာနေ ဦးရန်မင်းအောင်၏ သမီးကြီး မချမ်းမီမီအောင်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၁၀နှစ်အရွယ် အမြွှာညီအစ်မ မယွန်းမီမီအောင်နှင့် မယွန်းမီမီဇော်တို့ဖြစ်သည်။

” ဆေးတော့ ကုနေကြတယ်။ မင်္ဂလာဆောင်ပွဲကျင်းပနေတုန်းဖြစ်သွားတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ပွဲလည်းပျက်တယ် ” ဟု ၎င်းက ဆက်လက် ပြောသည်။

ဗုံးသီးကျရောက်ခဲ့သည့် နေအိမ်လည်း ပျက်စီးသွားပြီး ရွာခံပြည်သူများလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ရက်ကလည်း ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းရွာရှိ မင်္ဂလာဆောင်အိမ်ကို စစ်တပ်က ဗုံးကြဲခံရာ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ကောက်ယူထားသော စာရင်းအရ နိုဝင်ဘာ ၁ရက်မှ ၁၈ရက်အထိ နိုင်ငံတစ်ဝန်း၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း-ML