မြန်မာနိုင်ငံတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုသည်ပင် လူနည်းစုသာ တတ်နိုင်သည့် ဇိမ်ခံ ပစ္စည်း ဖြစ်လာကြောင်း ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းဆုတ်ယုတ်နေပြီး မြန်မာလူဦးရေ၏ ထက် ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေပြီဖြစ်ကာ လူမှုဖွံ့ဖြိုးတိုးတက် မှု မှန်သမျှ တိမ်ကောရပ်တန့်ခဲ့ရကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်ဆင်ခြေဖုံးမြို့နယ်၂ခုနှင့် နေပြည်တော်နေ လူလတ်တန်းစားများကို MPAက ဆက်သွယ်မေးမြန်းခဲ့ရာ ရပ်ကွက်ဆေးခန်း ပြခ ပင် အနည်းဆုံး ကျပ်၂သောင်း ကုန်ကျသဖြင့် လူလတ်တန်းစားများပင် ဆေးဆိုင်မှ ဆေးများသာ ဝယ်သောက် ကြကြောင်း ဆိုသည်။
လှိုင်သာယာမြို့နယ်၊၁၆ရပ်ကွက်နေ အိမ်ထောင်စုရှင်မတစ်ဦးက “လှိုင်သာယာရပ်ကွက်ဆေးခန်း တွေမှာ သာမန်နေမကောင်းတဲ့အဆင့်တောင် ၂သောင်းအနည်းဆုံး ပေးရတယ်။ကျမတို့လှိုင်သာ ယာအဆင့် အထူးကုဆေးခန်းမှာ ကျမသား ၃နှစ်အရွယ်ကို ပြတာ အနည်းဆုံး ၄သောင်းပဲ။အဲဒါနဲ့ ကလေး နေ မကောင်းတိုင်းလည်း မပြနိုင်တော့လို့ ဆရာဝန်ပေးတဲ့ ဆေးတွေကို မှတ်ထားပြီး ဆေးဆိုင်မှာ အဲဒီ ဆေးတွေ သွားဝယ်ပြီး တိုက်တော့တယ်။ဘယ်လိုမှ မတတ်သာမှပဲ အထူးကု သွားပြတယ်” ဟု MPA သို့ပြောသည်။
၎င်းအိမ်ထောင်ရှင်မမှာ အလုပ်မရှိသော်လည်း သူ၏အမျိုးသားမှာ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ် သည်။
နေပြည်တော်တွင် သာမန် ဖျားနာအဆင့် ရပ်ကွက်ဆေးခန်းပြသခမှာ ကျပ်၃သောင်းဖြစ်ကြောင်း နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။
“ကိုယ်တွေလို လူလတ်တန်းစားအဆင့်တောင် ရပ်ကွက်ဆေးခန်း တော်ရုံဖျားနာတဲ့အဆင့်နဲ့ မပြနိုင် တော့ဘူး”ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း၊ခရမ်းသုံးခွ ကျေးလက်နေ အိမ်ထောင်ရှင်မတစ်ဦးကလည်း ရပ်ကွက်ဆေးခန်းပြခမှာ အနည်းဆုံး ကျပ်၂သောင်းရှိသဖြင့် လူလတ်တန်းစားနှင့် အောက်ခြေအဆင့် ပြည်သူများမှာ ဆေးဆိုင် မှ ဆေးဝယ်သောက်ကြကြောင်း ပြောသည်။
စာတည်း-ML
